ဂျင်းသုပ်ဆိုတာ မြန်မာလူမျိုး အတော်များများ နှစ်သက်ကြတဲ့ အစားအစာပါ။ ပုံမှန်အားဖြင့်တော့ အများစုက နှစ်ပြန်ကြော်များများ ၊ ပဲမှုန့်များများ ဆီများများ နဲ့ သုပ်ကြပါတယ်။ ကျမကတော့ ဆီများတာ မကြိုက်သူမို့ ပဲမှုန့်ကို လျှော့ထည့်ပြီး ဆီအနည်းငယ်ပဲ သုံးထားပါတယ်။ Juicy ဖြစ်စေတဲ့ ခရမ်းချဉ်သီး နဲ့ ရှောက်သီး ကိုလည်း များများသုံး ထားပါတယ်။ နှစ်ပြန်ကြော်တွေဟာ ပြည့်ဝဆီတွေများပြီး အစာကြေခဲတာမို့ ကျမကတော့ အနည်းငယ်ပဲ ထည့်ပါ နယ်နော်။
လိုအပ်သောပစ္စည်းများ
- အချဉ်စိမ်ထားတဲ့ ဂျင်းအမျှင်များ – တစ်ခါသုပ်စာ
- ခရမ်းချဉ်သီး – ၁ လုံး
- ကြက်သွန်နီ – ၁ ခြမ်း
- ငရုတ်သီးစိမ်း – ၃ တောင့်
- ပဲကြမ်းကြော် – အနည်းငယ်
- နှမ်း လက်ဖက်ရည်ဇွန်း – ၁ ဇွန်း
- ကြက်သွန်ဖြူကြော် – လက်ဖက်စည်ဇွန်း ၂ ဇွန်း
- ရှောက်ရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ယိုးဒယားငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၁ ဝက်
ပြုလုပ်နည်း
- ခရမ်းချဉ်သီးကို ခပ်ပါးပါး လှီးထားပါ။ ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ။ ငရုတ်သီးစိမ်းကို နုတ်နုတ်စင်း ထားပါ။
- ပန်းကန်လုံးထဲမှာ ဖော်ပြထားတဲ့ တန်ဆာ ပလာများ အားလုံးကို အရသာများ ထည့်ပြီး ရောနယ်ပါ။ ဂျင်းသုပ်ကို ရေနွေးကြမ်း ပူပူ ထမင်းပူပူ တို့ဖြင့် တွဲဖက် စားသုံးပါက အင်မတန် လိုက်ဖက်ပါတယ်။
- အရသာ ထူးကဲစေမယ့် သကြား အနည်းငယ် ထည့်သုပ် ကြည့်ဖို့လည်း မမေ့ပါနဲ့။
- ပဲမှုန့် မထည့်ဘဲ သုပ်စား လို့လည်း ကောင်းပါတယ်။
Credit: Warr Tee