ဝက်သားတုတ်ထိုး စားရတာ ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်အူစုံသည်းစုံကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ဝက်အူက နူးအိနေဖို့၊ သန့်သန့်ရှင်းရှင်းနဲ့ စိတ်သန့်သန့်စားနိုင်ဖို့အတွက် မကြော်ခင်မှာ အရင်ဆုံးပြုတ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဂျင်းရဲ့အကူအညီရယူပြီး အနံ့လေးသင်းပျံ့နေအောင် ပြုလုပ်နိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုကရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်အူစုံသည်းစုံ (သို့) ဝက်အစာအိမ် ၁ ပေါင်ခန့်
  • ဂျင်းအတုံး ခပ်ကြီးကြီး တစ်တုံး
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီး အနီတစ်တောင့်နှင့် အစိမ်းတစ်တောင့်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်အူများကို ရေဖြင့် စင်ကြယ်အောင်ဆေးပြီးနောက် ၄ ပိုင်း ပိုင်းထားပါ။ ပိုင်းထားသော ဝက်အူများကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ၃ မိနစ်ခန့် နယ်ထားပါ။

(၃) မိနစ်ခန့် နယ်ပြီးသွားပါက ရေဖြင့်ထပ်မံဆေးကြောရပါမယ်။ ဟင်းချက်ဝိုင်နှင့် ပြောင်းမှုန့်ရဲ့ စေးကပ်ကပ်အချွဲများ ပြောင်စင်သွားသည်အထိ ဆေးကြော်ပေးလိုက်ပါ။

၂။ အိုးအကြီးတစ်လုံးထဲသို့ ဝက်အူများထည့်ပါ။ ထို့နောက် ဂျင်းတုံး ၂ တုံး၊ ကြက်သွန်မြိတ် ၁ ပင်၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အူများဖုံးသွားသည်အထိ ရေထည့်ကာ မိနစ် ၂၀၊ ၃၀ ခန့် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ဝက်အူများကို ဆယ်ယူပြီး အအေးခံကာ ပါးပါးလှီးထားလိုက်ပါ။

၃။ ဂျင်း တစ်ဝက်ကို ပါးပါးလှီးပြီးနောက် ကျန်တစ်ဝက်ကို နုပ်နုပ်စဉ်းထားလိုက်ပါ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းပြီးနောက် ငရုတ်သီးတောင့်များကို အရှည်လိုက် ပါးပါးလှီးထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ပါးပါးလှီးထားသော ဝက်အူများထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီးနောက် ၁ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်နီ၊ ပါးပါးလှီးထားေးသာ ငရုတ်သီးနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်အူစုံသည်းစုံကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com