မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ နေထိုင်မကောင်းဖြစ်နေသူတွေသာမက သာမန်လူတွေအတွက်ပါ အားပြန်ဖြည့်နိုင်ဖို့အတွက် သောက်သုံးနိုင်မယ့် ဟင်းချိုတစ်ခုကို ဖော်ပြပေးချင်ပါတယ်။
ဒါကတော့ ဆိတ်ရိုးပြုတ်ပါပဲ။ အရသာလည်းအလွန်ကောင်းပြီး ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- ဆိတ်ရိုး – ၂၅၀ ဂရမ်
- ကြက်သွန်နီအသေး – ၅ လုံး
- ကြက်သွန်ဖြူ – ၃ မွှာ
- ခရမ်းချဉ်သီး – ၁ လုံး
- ဂျင်း – (အနည်းငယ်)
- ဆား – (အနည်းငယ်)
- တရုတ်နံနံ – ( နှစ်ပင်)
- ဇီယာစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ငရုပ်ကောင်းစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
- စမုန်စပါးစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်း
- ဆိတ်ရိုးကို ရေစင်အောင် ဆေးပြီး ဆားအနည်းငယ် ဖြူးပြီး နယ်ထားပါ။
- ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဇီယာစေ့၊ ငရုပ်ကောင်းစေ့၊ စမုန်စပါးစေ့) တို့ကို ဒယ်ပြား တစ်ခုထဲသို့ ထည့်ပြီး အနံ့မွှေးလာသည်ထိ အနည်းငယ် လှော်ပေးပါ။ ထို့နောက် ကြိတ်စက်ထဲသို့ ထည့်ပါ။ ထိုသို့ လှော်လိုက်ပါက အနံ့ပိုမွှေးပါသည်။
- အခြား ပါဝင်ပစ္စည်းများ ဖြစ်သော (ခရမ်းချဉ်သီး၊ဂျင်း) တို့ကိုပါ ရောထည့်ပြီး ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။ ကြိတ်ထားသည်များကို ဆိတ်ရိုးဖြင့် ရောပြီး ရေသင့်တော်ရုံ ထည့်ပြီး ၁၀-မိနစ်ခန့်ပြုတ်ပါ။
- ပြီးနောက် Pressure Cooker ပေါင်းအိုး ထဲသို့ ပြောင်းထည့်ပြီး ၇မိနစ်ခန့် ပေါင်းကာ အပေါ့ အငံ မြည်း၍ အသင့်သောက် သုံးနိုင်ပါသည်။ တရုတ်နံနံပင်အား အနည်းငယ် ပါးပါးလှီး ထည့်နိုင်ပါသည်။
Credit: ဇွဲသုသု