သင်္ဘောသီးထောင်းစားရတာ ကြိုက်နှစ်သက်ကြလားရှင့်။ ဒီတစ်ခါမှာတော့ သင်္ဘောသီးထောင်း ချစ်သူများအတွက် ချဉ်ချဉ်စပ်စပ် ရှုးရှုးရှဲရှဲနဲ့စားလို့ကောင်းတဲ့ ပဲပင်ပေါက် ငါးဖယ် သင်္ဘောသီးထောင်းပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မမှည့်သေးသော သင်္ဘောသီး ၁ လုံး (၁.၅ ပေါင်ခန့်)
  • ပဲပင်ပေါက် ၁ ပေါင် (ရေဆေးထားပါ)
  • ပူစီနံရွက် တစ်စည်း (ပါးပါးလှီးထားပါ)
  • ငါးဖယ် ဝ.၅ ပေါင်
  • မြေပဲ စားပွဲတင်ဇွန်း ၅ ဇွန်းခန့်

(အစပ်ကြိုက်သူများက ငရုတ်သီးတောင့်များ အသုံးပြုနိုင်ပါတယ်)

အချဉ်စပ်ရန်

  • ငါးငံပြာရည် (စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • သံပုရာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ငါးဖယ်လုံးများကို ၁၅ မိနစ်ခန့် ထည့်ကင်လိုက်ပါ။ ထိုအချိန်တွင် အချဉ်စပ်ရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း ၅ မျိုးစလုံးကို ပန်းကန်လုံးတစ်လုံးထဲတွင် သမအောင် ရောစပ်လိုက်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေအနည်းငယ်ထည့်ပြီး တည်ထားလိုက်ပါ။ ဆူပွက်လာပါက ပဲပင်ပေါက်များကို တစ်မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် ရေစစ်ပြီး သပ်သပ်ဖယ်ထားလိုက်ပါ။ ကင်ပြီးသော ငါးဖယ်များကို ပါးပါးလှီးထားပါ။

၃။ သင်္ဘောသီးကို ခြစ်ခုံလေးဖြင့် အချောင်းလေးများရအောင် ခြစ်ချထားပါ။ ရရှိလာတဲ့ သင်္ဘောသီးအချောင်းများကို ပန်းကန်အကြီးထဲထည့်ပြီးနောက် ပဲပင်ပေါက်၊ ငါးဖယ်နဲ့ ပူစီနံရွက်များထည့်ကာ သမအောင် နယ်လိုက်ပါ။ မြေပဲနှင့် ငရုတ်သီးများ ထည့်ပြီးတဲ့နောက်မှာ စောစောက စပ်ထားသော အချဉ်များကို လောင်းထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ပဲပင်ပေါက် ငါးဖယ် သင်္ဘောသီးသုပ်ကို မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: juicyappetite.com