ပုစွန်ကင်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သွန်ဖြူဆော့စ်နဲ့ ရှယ်ကင်ထားတဲ့ ပုစွန်ကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂ ပေါင်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ထောပတ် ၁ ခဲ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွနး ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သံလွင်ဆီ၊ ကြက်သွန်ဖြူအမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ပုစွန်များကို အလုံပိတ်အိတ်ထဲထည့်ပါ။ ထိုအိတ်ထဲသို့ စောစောက သံလွင်ဆီအရောအနှောများ လောင်းထည့်ကာ နှံ့စပ်သွားအောင် ပြုလုပ်ပါ။ ထို့နောက် လေမဝင်စေဘဲ ဇစ်ကို လုံအောင် ပိတ်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ မှ ၂ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ပုစွန်များကို အကင်တုတ်ထိုးဖြင့် အစီအရီ ထိုးထားလိုက်ပါ။ ထို့နောက် အကင်မီးဖိုကို အပူပေးပါ။

အကင်မီးဖိုပေါ်သို့ ဒယ်အိုးတစ်လုံးတင်ထားပါ။ ဒယ်အိုးပူလာပြီဆိုရင်တော့ ထောပတ်ထည့်ကာ အရည်ဖျော်ပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်ဖြူများထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ထိုဒယ်အိုးကို အကင်မီးဖိုပေါ်မှ ဖယ်ရှားလိုက်ပါ။

၄။ တစ်ဖန် ပုစွန်တုတ်ထိုးများကို အကင်မီးဖိုပေါ်တင်ကာ ကင်ပေးလိုက်ပါ။ ၂ မိနစ်ခန့်ပြည့်တဲ့အခါ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ် ထပ်ကင်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ပုစွန်ကင်များကို ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။ ထို့နောက် စောစောကပြုလုပ်ထားသော ကြက်သွန်ဖြူဆော့စ်များ ဆမ်းထည့်လိုက်ပါ။ ပြီးရင်တော့ နံနံပင်အနည်းငယ်ထည့်ကာ အလှဆင်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန်ကင်များ ရရှိသွားပါပြီ။

Source: Grillseeker.com