ကြက်သားစားတဲ့အခါမှာ အချို့သူများက အတောင်ပံကိုမှ ရွေးပြီးစားရတာကို နှစ်သက်ကြပါတယ်။ ထိုသူများအတွက် ဒီဟင်းလျာလေးက အသင့်တော်ဆုံးဖြစ်မှာပါနော်။ ကြက်အတောင်ပံကိုမှ အရသာပိုရှိစေဖို့အတွက် ပျားရည်လူးပြီး ချက်ရတာဖြစ်လို့ အရသာကတော့ မြိန်မှာ အသေအချာပါပဲနော်။ ဟင်းနာမည်ကြားလိုက်တာနဲ့ကို စားချင်စဖွယ်ဖြစ်လို့ အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ ၁၀ခုခန့်
ပျားရည် ၂ဇွန်း
သံပုရာရည် ၁ဇွန်း
ဂျင်းသေးသေး ၁တက်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်ပုံ
ကြက်တောင်ပံလေးတွေကို ရေဆေး သန့်စင်ပြီး ရေစစ်ထားပါ။
မီးဖိုချောင်သုံး စက္ကူလေး အသုံးပြုပြီး ရေတွေကုန်အောင် စုပ်ယူပြီး၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် ထောင်းထားတဲ့ ဂျင်းအနှစ်ရည်တို့နှင့် ရောနယ်ပြီး (၁၅)မိနစ်ခန့်နှပ်ထားပါ။
ပျားရည် နှင့် သံပုရာရည်ကို သမသွားအောင် မွှေပေးထားပါ။
Non-Stick (မကပ်သောအိုး) မှာ ဆီကိုအပူပေးပြီး ကြက်တောင်ပံတွေကို ရွှေညိုရောင်ရသည်အထိ ကြော်ယူဆီစစ်ပါ။ မီးဖိုချောင်သုံး စုတ်တံလေး အသုံးပြုပြီး မွှေထားတဲ့ ပျားရည် အရောလေးကို နေရာအနှံ့ သုတ်လိမ်းပေးပါ။
ငရုတ်တောင့်နီ၊ နံနံပင်လေး တင်လိုက်ပြီးရင် စားချင်စဖွယ် ကြက်တောင်ပံ ပျားရည်လူးလေး စားရန် အရံသင့်ဖြစ်နေပါပြီ။
Credit: ဟင်းချက်နည်းများ