အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားနဲ့ မှိုရောချက်ထားတဲ့ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အမဲသားမနူးမှာစိုးလို့ အချိန်အကြာကြီး ချက်ရတဲ့ဒုက္ခကိုလည်း ကြုံတွေ့ရမှာမဟုတ်ဘဲ အချိန်ခဏလေးရုံနဲ့တင် အရသာရှိတဲ့ဟင်းလျာလေး ချက်ပြုတ်နိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- အမဲသား ၁ ပေါင် (နုတ်နုတ်စင်းထားပါ)
- ဂျုံမုန့် ပန်းကန်လုံး လေးပုံတစ်ပုံခန့်
- ကြက်ဥ ၁ လုံး
- ပါးပါးလှီးထားသော မှို ပန်းကန်လုံး တစ်လုံး
- ခရမ်းချဉ်သီးဆော့ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Photo Source: www.hbhonline.co.uk
- ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံခန့်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
- ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
- သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ဟင်းအနှစ်ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၂ မွှာ (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော မှို ပန်းကန်လုံး တစ်ဝက်ခန့်
- ကြက်ပြုတ်ရည် ပန်းကန်လုံး ၁ လုံးနှင့် တစ်ဝက်ခန့်
- သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
ပန်းကန်လုံးအကြီးတစ်လုံးထဲ၌ အမဲသား၊ ဂျုံမှုန့်၊ ကြက်ဥ၊ မှို၊ ခရမ်းချဉ်သီးဆော့၊ ကြက်သွန်နီအမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ဆားနှင့် ငရုတ်ကောင်းထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။
နယ်ပြီးသွားတဲ့အခါ အသားလုံး လုံးပေးလိုက်ပါ။ ကြော်မယ့်ဒယ်အိုးကို မီးအပူချိန် အလယ်အလတ်ခန့် အပူပေးပြီးနောက် သံလွင်ဆီ ထည့်ပါ။ ဆီကျက်လာပါက အမဲသားလုံးများထည့်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ ပြီးတဲ့အခါ ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်လိုက်ပါ။
ဟင်းအနှစ်ဆက်လက်ပြုလုပ်ရပါမယ်။ အိုးကိုအပူပေးပြီး ဆီထည့်လိုက်ပါ။ မီးကိုတော့ အလယ်အလတ်အပူချိန်မှာပဲ ဖွင့်ထားပါ။ ကြက်သွန်နီထည့်ပြီး ၇ မိနစ်ခန့်ကြော်ပါ။ ကြက်သွန်ဖြူထပ်ထည့်ပြီး မိနစ်အနည်းငယ်ခန့် ထပ်မွှေပေးလိုက်ပါ။
မှိုထည့်ပြီး အနည်းငယ်မွှေကာ ကြက်ပြုတ်ရည်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။
ထို့နောက် အသားလုံးများကို ကြက်ပြုတ်ရည်ထဲထည့်ပြီး ၁၀ မိနစ်ခန့် ချက်ပေးလိုက်ပါ။ အနံ့လေးမွှေးချင်ရင်တော့ နံနံပင်လေးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာပြီးပြည့်စုံတဲ့ အမဲသားလုံးနဲ့ မှိုဟင်းလျာလေးကို ရရှိသွားပါပြီ။
Source: www.mydeliciousmeals.com