မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ပေါင်မုန့်ဖုတ်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ အနံ့သင်းပျံ့ပြီး စားချင်စဖွယ်ကောင်းတဲ့ ဝက်ပေါင်ခြောက် ချိစ်ပေါင်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၂၅၀ မီလီလီတာ
  • ကြက်ဥ ၂ လုံး ( ကြက်ဥ ၁ လုံးကို ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းဖြင့် မွှေခလောက်ထားလိုက်ပါ)
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကိတ်မုန့်ပြုလုပ်သည့် ဂျုံမှုန့် ၆၄ ဂရမ်နှင့် ပေါင်မုန့်ပြုလုပ်သည့်ဂျုံ ၄၄၈ ဂရမ်
  • တဆေးခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ဝက်ပေါင်ခြောက် ၁၂ ပြား
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Heavy Cream ၈၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မွှေစက်ထဲတွင် နွားနို့၊ ကြက်ဥ ၁ လုံး၊ Heavy Cream၊ သကြား၊ ကိတ်မုန့်ဂျုံ၊ ပေါင်မုန့်ဂျုံ၊ တဆေးနှင့် ဆားတို့ထည့်ကာ ၁၅ မိနစ်ခန့် မွှေပေးလိုက်ပါ။ (မွှေစက်မရှိပါက ဂျုံလုံးဖြစ်အောင် လက်ဖြင့်သေချာ လုံးပေးရပါမယ်။ ဒါဆိုရင်တော့ ၅ မိနစ်၊ ၁၀ မိနစ်ခန့် အချိန်ပိုပေးရပါမယ်။)

၂။ ဂျုံလုံးအကြီး ရသွားပြီဆိုရင်တော့ ရေစိုအဝတ်ဖြင့် အုပ်ထားကာ နွေးသောနေရာတွင် တစ်နာရီခန့် ထားထားရပါမယ်။ ဒါဆိုရင်တော့ ဂျုံရဲ့အရွယ်အစားက တစ်ဆခွဲခန့် ကြီးလာတာကို တွေ့ရပါလိမ့်မယ်။

၃။ ရရှိလာတဲ့ဂျုံလုံးကို မွှေစက်ထဲပြန်ထည့်ကာ ၅ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ဂျုံလုံးကို ၁၂ ပိုင်း အညီအမျှ ပိုင်းထားလိုက်ပါ။ ပိုင်းပြီးသားဂျုံအသေးတစ်ခုချင်းစီကို ဒလှိမ့်တုံးဖြင့် လှိမ့်ပြီးနောက် ဝက်ပေါင်ခြောက်တစ်ပြားထည့်ပါ။ ထို့နောက် ချိစ်ပြားထည့်ပြီးနောက် လိပ်ပေးလိုက်ပါ။

၄။ လိပ်ပြီးသားဂျုံလုံးရဲ့ အပေါ်မျက်နှာပြင်ပေါ်တွင် ဓားရာ သုံးချက် ပေးလိုက်ပါ။ ဂျုံများအားလုံးလိပ်ပြီးပါက သန့်စင်သောရေစိုအဝတ်ဖြင့် ဂျုံလုံးများကို တစ်နာရီခန့် အုပ်ထားပေးလိုက်ပါ။

၅။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ရေစိုအဝတ်ကို ဖယ်လိုက်ပြီးနောက် အသင့်မွှေထားသော ကြက်ဥအရည်ဖြင့် ဂျုံများကို သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် ဖုတ်ပေးရပါမယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ရွှေရောင်သမ်းပြီး အနံ့မွှေးပျံတဲ့ ဝက်ပေါင်ခြောက် ချိစ်ပေါင်မုန့်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com