အာလူးကြိုက်တဲ့သူတွေအတွက် ကလေး၊ လူကြီးမရွေးစားသုံးလို့ရတဲ့ Potato Donuts ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကလေးတွေကို မုန့်လုပ်ကျွေးချင်တဲ့အခါမျိုးမှာဆိုလည်း ဒါက လုပ်ရတာလွယ်သလို၊ ကလေးတွေလည်း ကြိုက်ကြတာများပါတယ်။

အာလူးအလုံးကြီး ၃ လုံးကို ပြုတ်ပြီး ရပြီဆိုရင် အခွံခွာပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ခြစ်တဲ့ဟာနဲ့ ခြစ်ပေးပါ။

ခြစ်ပြီးပြီဆိုရင် ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဂျင်းအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ Cumin အမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ မဆလာ – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပါးပါးလှီးထားတဲ့ နံနံပင် – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ Bread Crumbs – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်ပြီး သမအောင်နယ်ပါ။ (အစပ်အရသာမပါချင်ရင်တော့ ငရုပ်သီးမှုန့် မထည့်ပါနဲ့)

သမအောင်နယ်ပြီးပြီဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း လက်နဲ့လုံးပြီး Donuts ပုံစံလေးဖြစ်အောင် အလယ်ကို လက်ညှိုးနဲ့ထိုးပြီး ပုံသွင်းပေးပါ။

အားလုံးပုံသွင်းပြီးပြီဆိုရင်တော့ ဆီအိုးထဲထည့်ပြီး ကြော်လိုက်ရုံပါပဲ။ ကြော်ပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး အချဉ်နဲ့တို့ကာ စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ အာဟာရလည်းရှိ၊ အရသာလည်းရှိ၊ စားချင်စဖွယ်လေးလည်းဖြစ်တဲ့ Potato Donuts ကို ရရှိသွားပါပြီ။

Source: www.toasted.com