ချောကလက်အေးထက် ချောကလက် ပူပူလေးသောက်ရတာ ပိုပြီးသဘောတွေ့တယ်ဆိုတဲ့ ချောကလက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းတဲ့ချောကလက်ပူပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Shutterstock

  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေနွေးပူ (သို့) နွားနို့ (သို့) အုန်းနို့ ၈ အောင်စ
  • အုန်းဆီ (သို့) ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ချောကလက်ရည်ကို လက်ကိုင်ပါ ဒယ်အိုးအသေးထဲထည့်ပြီး အလယ်အလတ်မီးအပူချိန်လေးနဲ့ နွေးနွေးလေးဖြစ်သွားအောင် တည်ပေးရပါမယ်။ ထိုကဲ့သို့ တည်ထားတဲ့အချိန်မှာ ဇွန်းလေးနဲ့ အဆက်မပြတ်မွှေပေးရပါမယ်။

Source: thepetitecook.com

၃။ ရရှိလာတဲ့ ချောကလက်ပူလေးကို ဖန်ခွက်ထဲပြောင်းထည့်ပြီး ပူပူနွေးနွေးလေး သောက်သုံးနိုင်ပါပြီ။ ကြိုက်နှစ်သက်ပါက Marshmallows လေးဖြူးထည့်ပြီး သောက်လို့လည်း ရပါတယ်။

ချောကလက်ပူကို နှစ်ယောက်စာ (သို့) ပမာဏများများသောက်ချင်ပါက ပါဝင်ပစ္စည်းများကို နှစ်ဆ တိုးထည့်ပေးလိုက်ပါ။ ချောကလက်အနှစ်ကို ဒီထက်ပိုပြီး ပျစ်ပျစ်လေးသောက်ချင်တယ်ဆိုရင်တော့ အုန်းဆီ (သို့) ထောပတ်ကို များများပိုထည့်ပေးလိုက်ပါ။

အခုဖော်ပြပေးသွားတဲ့ ချောကလက်ဖျော်ရည်တစ်ခွက်မှာဆိုရင် အမျှင်ဓာတ်က ၄.၁ ဂရမ်၊ အဆီက ၁၃.၁ ဂရမ်၊ ကယ်လိုရီဓာတ် ၁၈၃ ကီလိုကယ်လိုရီ၊ သကြားဓာတ် ၆.၃ ဂရမ်၊ ပရိုတင်းဓာတ် ၈.၂ ဂရမ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ် ၁၃.၆ ဂရမ်တို့ အသီးသီး ပါဝင်ကြပါတယ်။ မိမိစားသုံးတဲ့အစားအစာကို ကယ်လိုရီတွက်ပြီးစားသုံးသူများအတွက် တစ်ဆက်တည်းဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

Source: wellnessmama.com