ကိုရီးယားကားတွေထဲမှာ ကြက်ဥထမင်းလိပ်လေးတွေ ပြုလုပ်ပြီးစားပြနေကြတာ တကယ်ကို သရေကျချင်စရာပါပဲ။ ကိုရီးယားအစားအသောက်တွေကလည်း တဖြည်းဖြည်း နာမည်ကြီးလာတာနဲ့အမျှ အခုဆိုရင် ကိုရီးယားစားသောက်ဆိုင်တွေကလည်း ပေါများလို့နေပါပြီ။ ဒါပေမဲ့ ဆိုင်မှာ သွားစားရတာ ပိုက်ဆံကုန်မှာစိုးရင် ပိုက်ဆံချွေတာနဲ့ အနေနဲ့ အိမ်မှာပဲ အလွယ်တကူလုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

Photo Source: www.beingmelody.com

အလတ်စားကြက်သွန်နီတစ်လုံး (ပါးပါးလှီးပြီးသား)

မုန်လာဥနီတစ်ဥ ( ပါးပါးလှီးထားပါ)

တရုတ်နံနံအနည်းငယ်

Photo Source: www.shutterstock.com

နုပ်နုပ်စဉ်းထားသော အမဲသား ၁၀၀ ဂရမ် ( အမဲသားမဟုတ်လည်း ကြက်သား၊ ဝက်သား၊ ပုစွန် စတဲ့ မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်)

Photo Source: www.kisspng.com

ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ခရမ်းချဉ်သီးဆော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့မဟုတ်) နှစ်ဇွန်း

Photo Source: www.finecooking.com

ဆားနှင့် ငရုတ်ကောင်းအနည်းငယ်

ကျက်ပြီးသားထမင်း တစ်ပန်းကန်စာ

Photo Source: stockarch.com

ကြက်ဥ ၂ လုံး ( ပန်းကန်လုံးထဲမှာ အဆင်သင့် မွှေခလောက်ထားပါ)

ပြုလုပ်နည်း

Photo Source: www.seriouseats.com

ဒယ်အိုးကို အပူပေးပြီးနောက် ဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်ထည့်ပြီး ဆီပူလာတဲ့အထိစောင့်ပါ။ ပြင်ဆင်ထားပြီးသော ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံနဲ့ နုပ်နုပ်စဉ်ထားသောအမဲသားကို ဒယ်အိုးထဲထည့်ပြီး ကြော်လှော်လိုက်ပါ။ အသားကောင်းမွန်စွာကျက်သွားပါက ပဲငံပြာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်ကို ထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။

မီးအရှိန်အနည်းငယ်လျော့ပြီး ထမင်းကို အမဲသားနဲ့ နှံ့စပ်အောင် ရောမွှေလိုက်ပါ။ ပြီးနောက် ခရမ်းချဉ်သီးဆော့စ်၊ ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး နှံ့စပ်သွားအောင် မွှေပေးပါ။ ဒယ်အိုးတစ်ခုတည်းကိုပဲ အသုံးပြုမည်ဆိုပါက ကြော်ထားသောထမင်းကို ပန်းကန်ထဲ ထည့်ထားပါ။

Photo Source: www.instructables.com

မွှေထားသော ကြက်ဥကို မီးအပူရှိန်လျော့ပြီးကြော်ပေးပါ။ ကြက်ဥကို အပြန့်လိုက်လေးဖြစ်အောင် ဒယ်အိုးကို ပတ်ချာလည်လှည့်ပေးပါ။ ကြက်ဥမကျက်တကျက်အချိန်လေးမှာ ကြော်ထားပြီးသားထမင်းကို ကြက်ဥအလယ်တည့်တည့်မှာ ထားလိုက်ပါ။ ထို့နောက် ဇွန်းအပြားအကြီး (သို့မဟုတ်) ယောက်မကို အသုံးပြုကို ကြက်ဥကို ဟိုဘက်ဒီဘက်ခေါက်လိုက်ပါ။ ပြီးရင်တော့ မိမိစားသုံးမဲ့ ပန်းကန်ထဲကို ထည့်ပြီ စိတ်ကြိုက်အလှဆင်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။