အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို စပ်စပ်လေး ဘယ်လိုကြော်စားရမလဲဆိုတဲ့ ဟင်းချက်နည်းကို ဝေမျှပေးသွားချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ၉၅ ဂရမ်

  • ကြက်ဥ ၂ လုံး (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေခလောက်ထားပါ)
  • ပေါင်မုန့်အကြေအစများ ၁၃၅ ဂရမ်
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အနေတော်အတုံး တုံးထားပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းစေ့တို့ကို အနံ့မွှေးလာသည်အထိ လှော်ပေးလိုက်ပါ။

လှော်ပြီးသား ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းစေ့တို့ကို ငရုတ်ကျည်ပွေ့ထဲထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ထို့နောက် ဇလုံအကြီး ပြောင်းထည့်ထားပါ။

၃။ ထို့နောက် ပန်းကန်လုံး ၃ လုံးကို အသင့်ပြင်ထားပါ။

ပထမပန်းကန်လုံးတွင် ဂျုံမှုန့်၊ ဒုတိယပန်းကန်လုံးတွင် ကြက်ဥနှင့် တတိယပန်းကန်လုံးတွင် ပေါင်မုန့်၊ ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆားနှင့် ငရုတ်ကောင်း အနည်းငယ်တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၄။ ထို့နောက် ကြက်သားကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ကြက်ဥထဲ ထည့်နှစ်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများဖြင့် ထပ်ကပ်ပေးလိုက်ပါ။

၅။ ထိုအဆင့်များအားလုံးပြီးသွားပါက ကြော်ရန်အသင့်ပြင်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက စောစောက ကြက်သားတုံးများကို ဆီပူထဲတွင် ၃ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၆။ ကြော်ပြီးသွားသော ကြက်သားများကို အဆင့် (၂) က ပြုလုပ်ထားသော ငရုတ်သီးမှုန့်ဇလုံထဲထည့်ပြီး ဇွန်းဖြင့် မွှေပေးလိုက်ပါ။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။

၇။ ဒါဆိုရင်တော့ ကြက်သားပြားကြော် စပ်စပ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source : Thewoksoflife.com