Sandwich ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာ အရသာရှိရှိနဲ့ အလွယ်တကူလုပ်စားလို့ရအောင် ကြက်သား Sandwich ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်ရင်အုံသား – ၂၅၀ ဂရမ်ကို အတုံးတွေတုံးပြီး အိုးထဲထည့်ပါ။ ဂျင်းအမှုန့် (သို့) နုတ်နုတ်ဆင်းထားတဲ့ဂျင်း – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ရေ – ခွက်နှစ်ခွက်စာထည့်ကာ ရေခမ်းတဲ့အထိ ပြုတ်ထားပေးပါ။

ရေခမ်းပြီဆိုမှ ကြက်သားတွေကို သေးသေးလေးတွေမွှတာပဲဖြစ်ဖြစ်၊ သေးသေးလေးတွေ နုတ်နုတ်ဆင်းတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

ပြီးတာနဲ့ ပန်းကန်ထဲထည့်ပါ။ Mayonnaise – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာ ထည့်ပါ။ နုတ်နုတ်ဆင်းထားတဲ့ နံနံပင် – စားပွဲတင်ဇွန်း ၂ ဇွန်းစာ၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင်နယ်လိုက်ပါ။

နယ်ပြီးရင်တော့ ပေါင်မုန့်ကို ဘေးသားတွေလှီးထုတ်ပြီး နယ်ထားတဲ့ ကြက်သားတွေတင်ပေးပါ။ ပြီးရင် အပေါ်ကနေ ပေါင်မုန့်တစ်ချပ်အုပ်လိုက်ပြီး တစ်စောင်းလေးလှီးလိုက်ရုံပါပဲနော်။ ဒါဆိုရင်တော့ ကြက်သား Sandwich ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: www.toasted