ဂျပန်တို့ဟူးဆိုရင်တော့ ဟော့ပေါ့ထဲထည့်စားလည်း အရသာရှိပြီးစားကောင်းသလို၊ ကြော်စားရင်လည်း အရမ်းစားလို့ကောင်းပါတယ်။ ဒါပေမယ့် ပိုပြီးအရသာရှိသွားအောင် ဂျပန်တို့ဟူးကို ချဉ်ငံစပ်လေး ကြော်စားနိုင်မယ့်နည်းလမ်းကို ပြောပြပေးချင်ပါတယ်။ ထမင်းနဲ့စားလို့လည်းရသလို၊ ဒီတိုင်းထိုင်စားမယ်ဆိုလည်း အရမ်းမိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ဂျပန်တို့ဟူး – ၃၂၀ ဂရမ်ကို ရေဆေးပြီး အဝတ် (သို့) တစ်ရှူးနဲ့သုတ်ပေးပါ။ ပြီးရင်တော့ လေးထောင့်အတုံး ထူထူလေးတွေဖြစ်အောင် လှီးပေးပါ။

ပန်းကန်ပြား (သို့) ပန်းကန်လုံးထဲကို ပဲငြံပြာရည် – ခွက်တစ်ဝက်စာ၊ ရှာလကာရည် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ငရုပ်သီးအကျက်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ ဇွန်းနဲ့မွှေလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ပန်းကန်ထဲကို လှီးထားတဲ့ ဂျပန်တို့ဟူးတွေ ထည့်စိမ်လိုက်ပါ။ တို့ဟူးတွေကို ဟိုဘက်ဒီဘက်လှန်ပြီး စိမ်ပေးပါ။ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဆီကို ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပေးပါ။ ပြီးတာနဲ့ ဂျပန်တို့ဟူးတွေထည့်ကြော်ပေးပါ။ ဂျပန်တို့ဟူးတွေ ညိုသွားတာနဲ့ရပါပြီ။ ခဏလေးပဲ ကြော်ပေးရမှာပါ။

ဂျပန်တို့ဟူးရပြီဆိုရင် ခူးထုတ်လိုက်ပါ။ ဒယ်အိုးထဲကို ခုနက ဂျပန်တို့ဟူးထည့်စိမ်ထားတဲ့အရည်တွေ အကုန်ထည့်လိုက်ပါ။ အရည်တွေကို ပွက်ပွက်ဆူပြီး ပျစ်လာတဲ့အထိတည်ပေးရပါမယ်။

ကြော်ထားတဲ့ဂျပန်တို့ဟူးတွေကို ပန်းကန်ပြားထဲထည့်ပြီး ခုနကပွက်ပွက်ဆူပြီး ပျစ်သွားတဲ့အရည်တွေကို အပေါ်ကနေဆမ်းပေးပါ။ ပြီးရင်တော့ အပေါ်ကနေ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေ ဖြူးပေးပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချဉ်ငံစပ်ဂျပန်တို့ဟူးကြော်ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com