အားလုံးပဲ မင်္ဂလာပါ။ သင့်မီးဖိုချောင်ထဲမှာ ကြက်သွန်နီလေး တစ်ဥ ရှိရုံနဲ့ အရသာရှိတဲ့ ကြက်သွန်ကွင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။ အကြော်ကြွပ်ကြွပ်ရွရွလေး စားချင်သူများအတွက် အကြိုက်တွေ့ကြမယ့် ကြက်သွန်ကွင်းကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ အလုံးကြီး ၁ လုံး
  • ဂျုံမှုန့် ပန်းကန်လုံး တစ်ဝက်စာ (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး

  • နွားနို့ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပေါင်မုန့်အကြေအစ အနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်နီကို အခွံခွာပြီးနောက် အကွင်းလိုက် လှီးဖြတ်ထားပါ။ ထို့နောက် ကြက်သွန်များကို တစ်ကွင်းလိုက် သပ်သပ်စီ ခွာထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် ကြက်သွန်ကွင်းများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၄။ ကျန်ရှိနေတဲ့ ဂျုံမှုန့်အကပ်အသတ်များကို ကြက်ဥ၊ နွားနို့၊ ဆားတို့ဖြင့် သမအောင် မွှေခလောက်လိုက်ပါ။

၅။ ထို့နောက် ဂျုံမှုန့်ကပ်ပြီးသား ကြက်သွန်ကွင်းများကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးလိုက်ပါ။

၆။ ကြက်သွန်ကွင်းများ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ကွင်းများထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ ကြက်သွန်ကွင်းကြော် ကြွပ်ကြွပ်ရွရွလေးများ ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည် ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Mylatinatable.com