ပိတ်ရက်မှာ အပြင်မသွားပဲ မိသားစုနဲ့အတူတူ အိမ်မှာ မုန့်လုပ်စားရတာက ပျော်စရာအရမ်းကောင်းပါတယ်။ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီးတော့ပဲ ဖြစ်ဖြစ် မုန့်လုပ်စားလို့ရအောင် အမဲသားဖက်ထုပ်ကြော် လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း မခက်တဲ့အတွက် အဆင်ပြေစေမှာပါ။ အမဲသားမစားတဲ့သူဆိုလည်း အမဲသားနေရာမှာ ဝက်သား၊ ကြက်သား ကို အစားထိုးလုပ်လိုက်ရုံပဲနော်။

အမဲသား (Ground Beef) – ၁ ပေါင် ကိုပန်းကန်ထဲထည့်ပါ။ Ground Beef ဝယ်လို့မရတဲ့အခါ အမဲသားကို စင်းကောလုပ်ပါ။ ဝက်သား၊ ကြက်သားဆိုလည်း စင်းကောဖြစ်အောင် နုတ်နုတ်ဆင်းပြီး ပန်းကန်ထဲထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ – ပန်းကန်လုံးအသေး တစ်ဝက်စာ၊ သေးသေးလေးလှီးထားတဲ့ ကြက်သွန်မြိတ် – ပန်းကန်လုံးအသေး တစ်ဝက်စာ၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း တစ်ဝက်၊ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း တစ်ဝက်၊ နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် အဖြူ (White Pepper) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ထည့်ပြီး သမအောင်နယ်ပါ။

ကြက်ဥ ၂ လုံးကို ဖောက်ပြီး ပန်းကန်ထဲထည့်ခလောက်ထားပါ။ သုတ်ဖို့ Brush လေးတစ်ခုပါ ယူထားပါ။ ဖတ်ထုပ်လုပ်တဲ့အဖတ်တွေပါ ယူထားပါ။

ဖတ်ထုပ်လုပ်တဲ့အဖတ် တစ်ခုကိုကိုယူပြီး ခုနကနယ်ထားတဲ့ အမဲသားတွေကို စားပွဲတင်ဇွန်း တစ်ဇွန်းစာယူထည့်ပါ။ ပြီးရင် ခလောက်ထားတဲ့ ကြက်ဥတွေကို Brush လေးနဲ့ယူပြီး အဖတ် ပတ်ပတ်လည်ကို သုတ်ပေးပါ။ ပြီးရင်တော့ ထက်ဝက်ခေါက်ပြီး လက်နဲ့ ထိပ်လေးတွေကို ဖိချလိုက်ရုံပါပဲ။

အားလုံးကို ဖတ်ထုပ် ထုပ်ပြီးရင် ဆီအိုးထဲထည့်ကြော်ပါ။ ရတာနဲ့ ကိုယ်စားမယ့်ပန်းကန်ထဲ တန်းစီထည့်ပြီး အချဉ်နဲ့ တို့စားလို့ရပါပြီ။ ဒါဆိုရင်တော့ အမဲသားဖက်ထုပ်ကြော်ကို ရရှိသွားပြီပေါ့။

Photo Source: www.tasty.com