ရေခဲမုန့်ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင်လုပ်စားလို့ရအောင် ရေခဲမုန့်လုပ်နည်းတွေ မျှဝေပေးချင်ပါတယ်။ ဒီတစ်ခါမှာတော့Matcha ကြိုက်သူများအတွက် Matcha ရေခဲမုန့်ကို ကောင်းကောင်းလေးဖြစ်အောင် သေချာပြုလုပ်နည်းကို ပြောပြပေးသွားမှာပါ။

ပထမဆုံးအနေနဲ့ အိုးကို မီးဖိုပေါ်တင်ပြီး နွားနို့ – ၁၀၀ မီလီလီတာ ထည့်ပြီးကျိုထားပါ။

ပန်းကန်လုံးထဲကို Matcha powder – ၂၀ ဂရမ် ဇကာနဲ့စစ်ထည့်ပါ။

ကျိုထားတဲ့နွားနို့ရရင် Matcha powder ထည့်ထားတဲ့ပန်းကန်ထဲထည့်မွှေပြီး နို့ဆီ – ၂၄၀ ဂရမ်ထည့်မွှေပါ။

အားလုံးသမအောင် သေချာမွှေပြီးရင်တော့ ဇကာနဲ့စစ်ပြီး နောက်ပန်းကန်ထဲ ပြောင်းထည့်ပါ။

ပန်းကန်လုံးအကြီး နောက်တစ်လုံးထဲကို whipping cream – ၄၀၀ မီလီလီတာထည့်ပြီး မွှေစက်နဲ့မွှေပေးပါ။

ပျစ်လာပြီဆိုရင်တော့ ခုနက နို့ဆီ၊ နွားနို့နဲ့ Matcha powder တို့ရောမွှေထားတာတွေကို ထည့်ပြီး သေချာသမအောင်မွှေပါ။

သေချာမွှေပြီးရင် ရေခဲသေတ္တာထဲမှာ ၃ နာရီကြာအောင် ထည့်ထားပေးရပါမယ်။

အချိန်ပြည့်ရင် အပြင်ထုတ်ပြီး မွှေစက်နဲ့ ၃ မိနစ် မွှေပေးပါ။ ပြီးမှ ရေခဲသေတ္တာထဲကို ၂ နာရီကြာအောင် ပြန်ထည့်ထားပါ။

အချိန်ပြည့်ရင် ရေခဲသေတ္တာထဲကထုတ်ပြီး မွှေစက်နဲ့ ၃ မိနစ်ကြာအောင် ထပ်မွှေပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၂ နာရီကြာအောင် ပြန်ထည့်ထားပါ။

အချိန်ပြည့်ရင်တော့ ဒီတစ်ခါမှာ အပြင်ထုတ်ပြီး အသင့်စားသုံးနိုင်တဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အရသာရှိတဲ့ Matcha ရေခဲမုန့်ကို စားသုံးနိုင်ပါပြီ။

Source: www.thefoodpedia