ယိုကောင်းကောင်းလေးတစ်ခုရှိနေပြီဆိုရင် မနက်စာအတွက်လည်း အဆင်ပြေသလို၊ ညဘက်ဗိုက်ဆာရင်လည်း ပေါင်မုန့်ယိုသုပ်ပြီး အလွယ်လုပ်စားလို့ရပါတယ်။ ဒါကြောင့် ယိုကောင်းကောင်းလေးတစ်ခုကို အိမ်မှာလုပ်စားလို့ရအောင် အရသာရှိတဲ့ သစ်သီးစုံယို ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

သစ်သီးစုံယိုဆိုတော့ အသီးတွေ အစုံထည့်ပေးရမှာပေါ့။ ဒါကြောင့် ပန်းကန်လုံးအကြီးထဲကို ပန်းသီး တစ်လုံး လှီးထည့်၊ သရက်သီး တစ်လုံး လှီးထည့်၊ သစ်တော်သီး တစ်လုံး လှီးထည့်၊ လိမ္မော်သီး တစ်လုံး အခွံတွေဖယ်ပြီးထည့်၊ မက်မွန်သီးရှိရင် မက်မွန်သီးတစ်လုံးပါ လှီးထည့်၊ စပျစ်သီး လက်တစ်ဆုပ်စာထည့်၊ နာနတ်သီး လက်တစ်ဆုပ်စာ လှီးထည့်ပြီး ချေရပါမယ်။ အသီးတွေအားလုံးကို အစေ့တွေဖယ်ပြီး ထည့်ပါ။

နည်းနည်းလောက် ကျေအောင်ချေပြီးရင်တော့ မွှေစက် (သို့) အသီးကြိတ်စက်နဲ့ ကျေညက်အောင် မွှေရပါမယ်။

အိုးကို မီးဖိုပေါ်တင်ပြီး ကျေညက်အောင်ချေထားတာတွေကို ခွက် ၄ ခွက်စာယူပြီး အိုးထဲထည့်ပါ။ သကြား – ၅၀၀ ဂရမ်ထည့်ပြီး မွှေပါ။ ဆူပွက်နေတဲ့အထိတည်ထားပြီး မွှေပေးပါ။

၄၅ မိနစ်လောက်ဆိုရင် ပျစ်လာပါလိမ့်မယ်။ ဆက်တိုက်မွှေနေပေးပါ။ ယိုအနေအထားလောက်ထိ ပျစ်သွားပြီဆိုရင်တော့ မီးပိတ်ပြီး အအေးခံထားလိုက်ပါ။

အေးသွားပြီဆိုမှ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ နောက်နေ့ဆိုရင်တော့ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးစုံယိုကို ရရှိသွားပါပြီ။

Source: www.tiffinbox