စတော်ဘယ်ရီရေခဲမုန့်ဆိုရင်တော့ မကြိုက်တဲ့သူက ခပ်ရှားရှားပါပဲ။ ဒါကြောင့် လူကြိုက်များတဲ့ စတော်ဘယ်ရီရေခဲမုန့်ကို အရသာကောင်းမွန်အောင် အိမ်မှာပြုလုပ်နိုင်မယ့်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်းလွယ်ကူရိုးရှင်းသလောက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကလည်း ဈေးတွေ၊ City Mart တွေမှာ အလွယ်တကူဝယ်လို့ရတာတွေဖြစ်လို့ လုပ်ရတာအဆင်ပြေစေမှာပါ။

စတော်ဘယ်ရီရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Heavy Cream – ခွက် ၂ ခွက်စာ၊ နို့ဆီ – ၃၀၀ မီလီလီတာ၊ စတော်ဘယ်ရီသီး – ၂၅၀ ဂရမ်၊ သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်းလိုအပ်ပါတယ်။ ဒါတွေကိုတော့ City Mart တွေမှာ ၀ယ်လို့ရပါတယ်။

စတင်ပြုလုပ်ဖို့အတွက် စတော်ဘယ်ရီသီးတွေကို Blender ထဲထည့်ပြီး မွှေပေးပါ။ ပန်းကန်လုံးအကြီးထဲကို Heavy Cream တွေထည့်ပြီး မွှေစက်နဲ့ ပျစ်သွားတဲ့အထိမွှေပေးရပါမယ်။

ပျစ်သွားတဲ့အခါမှာတော့ Vanilla Extract နဲ့ သကြားကိုထည့်ပြီး ထပ်မွှေပါ။ ပြီးရင်တော့ နို့ဆီတွေကိုထည့်ပြီး ထပ်မွှေပေးပါ။ နောက်ဆုံးမှာတော့ Blender ထဲထည့်မွှေပြီးလို့ရလာတဲ့ စတော်ဘယ်ရီအရည်တွေကို လောင်းထည့်ပြီး ဇွန်းနဲ့ပဲဖြစ်ဖြစ် သမသွားအောင် မွှေပေးပါ။

အားလုံးကိုသမအောင်မွှေပြီးသွားတဲ့အခါမှာတော့ ဘူးထဲကိုထည့်ပြီး အဖုံးလုံအောင်ပိတ်ကာ ရေခဲသေတ္တာထဲမှာ တစ်ညထည့်ထားလိုက်ပါ။ ၈ နာရီလောက်ပဲထည့်ထားမယ်ဆိုလည်း အဆင်ပြေပါတယ်။

အချိန်ပြည့်လို့ ရေခဲသေတ္တာထဲကထုတ်တာနဲ့ အရသာကောင်းမွန်တဲ့ စတော်ဘယ်ရီရေခဲမုန့်ကို ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးနိုင်ပါပြီ။ အပြင်မှာဝယ်စားတာထက် တစ်ခါတစ်လေမှာတော့ ကိုယ်တိုင်လုပ်စားတာလေးတွေက ပိုပြီးစားကောင်းနေတတ်ပါတယ်။

Photo Source: www.humainthekitchen.com