အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်လို့ ပြောလိုက်တာနဲ့ ဂျုံမှုန့်ထဲမှာ အသားအစာသွပ်ထည့်ထားတဲ့ တရုတ်အစားအစာလေးကို ပြေးမြင်မိကြမှာပါ။ ဒီတစ်ခါမှာတော့ ဂျုံမှုန့်နဲ့မဟုတ်ဘဲ ကြက်ဥနဲ့လိပ်ထားတဲ့ ဖက်ထုပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) အမဲသား (သို့) ဝက်သား ၁၀၀ ဂရမ် (နုတ်နုတ်စင်းထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ဆန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

  • ကြက်ဥ ၂ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ခန့်
  • နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

ပြုလုပ်နည်းအဆင့်ဆင့်

နုတ်နုတ်စင်းထားသော အသားကို နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နဲ့ ဆန်မှုန့်တို့ဖြင့်ရောပြီး သမအောင် နယ်ပေးပါ။

အသားထဲစိမ့်ဝင်သွားတဲ့အထိ နယ်ပြီးနောက် ဒယ်အိုးထဲထည့်ကာ ကြော်ပေးလိုက်ပါ။

ကြော်ပြီးသော အသားများကို ပန်းကန်ထဲထည့်ပြီး ဖယ်ထားပါ။

ကြက်ဥ ၂ လုံးကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ။

ထို့နောက် မွှေခလောက်ထားသော ကြက်ဥကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ယူပြီး ဒယ်အိုးထဲထည့်ကာ ကြက်ဥကို စက်ဝိုင်းပုံသဏ္ဍာန်ဖြန့်ကျက်ပေးလိုက်ပါ။

ကြက်ဥ မကျက်တကျက် အချိန်မှာ ကြော်ထားသောအသား စားပွဲတင်ဇွန်း တစ်ဝက်ခန့် ယူပြီး ကြက်ဥရဲ့အလယ်ဗဟိုတည့်တည့်မှာ ထည့်လိုက်ပါ။ အသားကို ဇွန်းလေးနဲ့ အသာအယာဖိပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဇွန်းအပြားအကြီးအသုံးပြုပြီး ကြက်ဥကို ပုံပါအတိုင်း တစ်ဖက်သို့ ပိတ်ပေးလိုက်ပါ။ အသားကြော်များ အပြင်သို့ မထွက်သွားရန်အတွက် ကြက်ဥဘေးသားများကို ဇွန်းနဲ့ ဖိပိတ်လိုက်ပါ။

တစ်ဖက်သို့လှန်ပြီး မိနစ်အနည်းငယ်ခန့် ဆက်ကြော်ပေးပါ။

မွှေခလောက်ထားသော ကြက်ဥများ ကုန်သွားသည်အထိ ထိုကဲ့သို့ ဆက်ကြော်ပေးလိုက်ပါ။

ကြော်ထားသော ကြက်ဥများကို ပန်းကန်ထဲသို့ ပြောင်းထည့်ပြီးနောက် ငရုတ်သီးတောင့်လေးများနဲ့ အလှဆင်ကာ ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်လေးများနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ ကြက်ဥဖက်ထုပ်လေးကို သရေစာမုန့်အနေနဲ့လည်း စားသုံးနိုင်သလို ဟင်းလျာအဖြစ်နဲ့လည်း စားသုံးနိုင်တာကတော့ ကြက်ဥ အသားဖက်ထုပ်ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

Source: Kitchenbowl.com