အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့် ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ နို့ထောပတ် ပေါင်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပြုလုပ်နည်း (၂) မျိုးစလုံးကို ဖော်ပြပေးထားတဲ့အတွက်ကြောင့် စာဖတ်သူတို့အနေနဲ့ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့်ဖုတ်သည့် ဂျုံမှုန့် ၃၈၄ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ထောပတ်နို့ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ထောပတ် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံမှုန့် နယ်ရန်အတွက် ဇလုံအကြီးတစ်လုံးထဲတွင် (နှမ်းစေ့မှလွဲ၍) ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် စဉ်းနီတုံးပေါ်တွင် ဂျုံမှုန့်အနည်းငယ်ဖြူးကာ ဂျုံလုံးကို တင်းတင်းရင်းရင်းလေးဖြစ်သွားအောင် အားရပါးရ လုံးနယ်ပေးလိုက်ပါ။

၂။ ဂျုံလုံးကို တင်းတင်းရင်းရင်းလေးဖြစ်အောင် နယ်ပြီးတဲ့နောက်မှာ ပေါင်မုန့်ဖုတ်မယ့် လင်ဗန်းထဲသို့ ထည့်ထားလိုက်ပါ။

ထို့နောက် ပေါင်မုန့်မျက်နှာပြင်ကို ကြက်ဥရည် (ကြက်ဥအကာ ၁ လုံးကို ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် သမအောင် မွှေခလောက်ထားသော ကြက်ဥရည်)ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ နှမ်းစေ့အနည်းငယ် ဖြူးပေးရပါမယ်။

နှမ်း မကြိုက်သူများအနေနဲ့ နှမ်းမထည့်လည်း ရပါတယ်။

၃။ ထိုဂျုံလုံးကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲသို့ ထည့်ကာ မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ပေါင်မုန့်သား နူးနူးညံ့ညံ့လေးနဲ့ စားလို့ကောင်းတဲ့ နို့ထောပတ် ပေါင်မုန့်လေး ရရှိသွားပါပြီ။

ပေါင်မုန့်အလုံးအကြီးကြီး မလိုချင်ဘူး။ ပေါင်မုန့်လုံးသေးသေးလေးပဲ လုပ်စားချင်သူများအနေနဲ့ကတော့ အဆင့် (၂) ဂျုံလုံးနယ်ပြီးသွားတဲ့အခါ ဂျုံသားအနည်းငယ် ဖဲ့ယူပြီး အလုံးသေးသေးလေးရအောင် လုံးပါ။

ထို့နောက် ကြက်ဥရည် သုတ်လိမ်းပြီး နှမ်းဖြူးလိုက်ပါ။

ပြီးရင်တော့ ၃၇၅ ဒီဂရီဖာရင်ဟိုက် အပူချိန်ရှိတဲ့ Oven ထဲ ထည့်ဖုတ်လိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ချစ်စရာကောင်းပြီး နူးအိတဲ့ နို့ထောပတ် ပေါင်မုန့်လုံးလေးများ ရရှိသွားပါပြီ။

Source: Thespruceeats.com