ပီဇာကို အိမ်မှာလုပ်စားချင်ပေမယ့် ပါဝင်ပစ္စည်းလည်း အများကြီးမဝယ်ချင်ဘူး၊ အလုပ်ရှုပ်တာလည်းမလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် ပေါင်မုန့်ပီဇာပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ကြက်ဥနဲ့ ချိစ်ကိုရောပြီး ပေါင်မုန့်ကို ပီဇာပုံစံလေးဖြစ်အောင် လုပ်ထားမို့ ပီဇာစားရသလို ခံစားမှုမျိုးဖြစ်စေမှာပါ။ မုန့်ဖုတ်စက်ရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်ပါပြီ။

ပေါင်မုန့်ပီဇာစတင်ပြုလုပ်ဖို့အတွက် ပေါင်မုန့် – ၈ ချပ်ကို ဘေးသားနှစ်ဖက်လှီးထုတ်ပြီး ပုံမှာပြထားတဲ့အတိုင်း တစ်စောင်းလှီးပြီး ထိပ်နားက ဘေးသားတွေကို ထပ်လှီးပါ။

အားလုံးလှီးပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း ပေါင်မုန့်တွေကို ဗန်းတစ်ခုထဲမှာ စီပြီးထည့်ပါ။ ပေါင်မုန့်တွေ ကပ်ကပ်လေးဖြစ်သွားအောင် ဇွန်းနဲ့ လိုက်ဖိချပြီး ၂၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ မုန့်ဖုတ်စက်ထဲမှာ ၃ မိနစ်ထည့်ထားပေးပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ပေါင်မုန့်ပေါ်ကို ဆော့စ်တွေ များများတင်ပြီး လိုက်သုတ်ပေးပါ။ အပေါ်ကနေ ချိစ်ချောင်းလေးတွေကိုလည်း များများတင်ပေးပါ။ အလယ်ကအပေါက်လိုဖြစ်နေတဲ့ နေရာမှာတော့ ကြက်ဥတစ်လုံးကို ဖောက်ပြီး တင်ပေးပါ။ အားလုံးပြီးရင်တော့ ၂၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ မုန့်ဖုတ်စက်ထဲမှာ ၇ မိနစ်ထည့်ထားပေးပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ကြော်ထားတဲ့ကြက်သားပြား (သို့) ဝက်သားပြား၊ အသင့်စားသုံးနိုင်တဲ့ ကြက်သားပြား (သို့) ဝက်သားပြားတွေကိုတင်ပြီး ပီဇာစားသလိုပဲ ဓားနဲ့ လှီးယူကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ပေါင်မုန့်ပီဇာကို ရရှိသွားပါပြီ။

Photo Source: www. topiccakesfood.com