ဒီဝိုင် လုပ်နည်းရဲ့ အချိုးအဆ ကတော့ အလေးချိန် အရ အသီး နှစ်ဆ၊ သကြား တစ်ဆ နဲ့ ရေပူကတော့ အမြဲတမ်း အသီးမြှုပ်အောင် ထည့်ရပါမယ်။ ဥပမာ အသီးအလေးချိန် 600 g ဆိုလျှင် သကြားအလေးချိန် 300 g ထည့်ရပါမယ်။ အချဉ်ဓါတ်များသော အသီးကို သုံးနိူင်လျှင် ပိုပြီးကောင်းသည့် အတွက် ချဉ်သည့် အသီးများဖြင့် လုပ်ပေးပါ။
ပါဝင်ပစ္စည်းများ
- ပန်းသီး 600 g
- သကြား 300 g
- ပွက်ပွက်ဆူနေသော ရေနွေး
- သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ဗူး
- သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ပုလင်း
ပြင်ဆင်ပြုလုပ်နည်း
ပြောင်စင်အောင်ဆေးပြီး အညာဖြုတ်ကာ ရေတတ်နိူင်သမျှ ခြောက်အောင်လုပ်ထားသော ပန်းသီးများကို ခက်ရင်းဖြင့် ၄၊၅ ချက် ထိုးဖောက်ကာ သန့်ပြန့်သော ဖန်ဗူးထဲ ထည့်ပါ ။ (ပွက်ပွက်ဆူနေသော ရေနွေးလောင်းထည့်ချိန်မှာ ပုလင်းအေးနေလျှင် ကွဲသွားနိူင်သဖြင့် ပုလင်းနွေးနေအောင် ရေနွေး (ရေပူမဟုတ်)ကို ထည့် ၊ ပြီးမှ ပြန်သွန်ပစ်ကာ ပန်းသီးကိုထည့်ပေးပါ။)
သကြားထည့်ပါ။ ပွက်ပွက်ဆူနေသော ရေပူကို ပုလင်းအပြည့်မထည့်ပဲ ၁ လက်မခန့် ချန်ကာ အသီးမြှုပ်ရုံ ဖြည်းဖြည်းချင်း လောင်းထည့်ပြီးနောက် ၊ ချက်ချင်းအဖုံးကို ပိတ်ပေးကာ အခန်းအပူရှိန်ဖြင့် နေရောင် တိုက်ရိုက်မရသော နေရာမှာ ရက် ၅၀ ထားပါ ။ (ရက် ၅၀ မပြည့်မချင်း အဖုံးကို လုံးဝမဖွင့်ပါနှင့်။)
စပြီး အချဉ်ပေါက်လာ(ဘက်တီရီးယားတွေပေါက်လာ) ပြီဆိုရင် gas များ ထွက်လာတဲ့အတွက် (ပုလင်းထဲမှာ ဖြစ်လာတဲ့ လေကြောင့်) အဖုံး အရမ်းလုံနေရင် ကန်ပြီး ပွင့်ထွက် သွားတတ်ပါတယ်။ ပွင့်ထွက်မှာစိုးတဲ့အတွက် အဖုံး သိပ်မလုံရင်လည်း အပြင်က လေဝင်ပြီး မှိုတက်လာပါတယ် ။ (ကျွန်မ ယခုသုံးထားသည့် ဖန်ဗူး အမျိုးအစား ကတော့ အပြင်မှ လေမဝင်နိူင်ပေမယ့်၊ အတွင်းမှလေ အပြင်ကို အနည်းငယ် တိုးထွက်နိူင်ရုံလေးဖြစ်လို့ အဆင်ပြေလျှင် ဤဗူးမျိုးကို သုံးစေချင်ပါသည်။)
ဒီလိုဗူးကို ဝယ်လို့ရ ရင်တော့ အလယ်လက် ၃ ချောင်းရဲ့ ထိပ်နေရာတွေမှာ အပ်ဖြင့် အပေါက်လေး တစ်ပေါက်စီ ဖောက်ထားသော သန့်ပြန့်သော တစ်ခါသုံးရာဘာလက်အိတ်ကို ပြောင်းပြန်လှန်ပြီး အဖုံးနေရာမှာစွပ်ပါ။ (ပုလင်းအတွင်းမှ လေများ ထွက်လာစရာနေရာရှိအောင် အပေါက်ဖောက်ခြင်းဖြစ်ပြီး၊ လက်အိတ်အတွင်းဖက်တွင် powder မှုန့်များ ပါသည့် အတွက် ပြောင်းပြန်လှန်ပြီးမှ သုံးခြင်းဖြစ်ပါတယ်။)
ပြီးလျှင် စွပ်ထားသော နေရာမှ လေမဝင်အောင် ပလာစတာဖြင့် ပတ်စီးပေးထားပါ။
တစ်ခါတစ်ရံ အပြင်မှ လေမဝင်နိူင်ပေမယ့် ၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုးထွက်နိူင်ရုံလေး ဖြစ်နေသည့် အတွက် လေကန်အားကြောင့် အရည်အနည်းငယ် စိမ့်ထွက်လာတတ်သဖြင့် ပုလင်းအောက်မှာ လက်သုတ်ပဝါလေး ခံပေးထားလျှင် ပိုကောင်းပါတယ်။ (ထိုကဲ့သို့ အရည်အနည်းငယ် စိမ့်ထွက်လာလျှင် ပုလင်းအပြင်ဖက်ကို ရေစိုအဝတ်လေးဖြင့် သုတ်ပေးပါ။)
ရက်အနည်းငယ်ကြာလာလျှင် အရည်များ နောက်လာပြီး၊ ၁၅ ရက်ခန့် ကြာလျှင်တော့ သကြားအားလုံးနီးပါး ပျော်သွားပါတယ် ။ (ပုလင်းထဲလေခိုနေသည့် နေရာများရှိလျှင် ၊ အသီးအချို့ အရည်ပေါ် အနည်းငယ်ပေါ်လာလျှင် တစ်နေ့တစ်ခါခန့် ပုလင်းကို အနည်းငယ် ဟိုဖက် ၊ ဒီဖက်စောင်းပြီး အရည်ပြန့်အောင် လုပ်ပေးနိုင်ပါတယ်။)
ရက် ၅၀ ပြည့်လို့ အဖုံးဖွင့်တဲ့နေ့မှာ အပေါ်မှာပေါ်နေတဲ့ အသီးအချို့ပါ။ မှိုလုံးဝမတက်ပါဘူး။
ရက် ၅၀ ပြည့်ပြီးနောက် အသီးများကို ဆယ်ထုတ်၊ အရည်တွေကို ရေစစ်ဖြင့် စစ်ကာ အရမ်းသန့်ပြန့်သော ပုလင်းတစ်လုံးထဲ ထည့်ပြီးလျှင် ပန်းသီးဝိုင်လေး စသောက်လို့ ရပါပြီ ။ (ဝိုင်ကို ပုလင်းပြည့်အောင် မထည့်ရပါ။)
ပုလင်းထဲပြောင်းထည့် အဖုံးဖုံးကာ နောက်ထပ် ၇ ရက်ခန့် အခန်းအပူရှိန်မှာပဲ ထပ်ထားပြီးမှ သောက်လျှင်တော့ ပိုပြီး ကောင်းပါတယ်။
ပန်းသီးထဲမှ ဝိုင်များကို အရည်ညစ်ယူနိူင်သလို၊ အသီးအတိုင်းလည်း စားလို့ရပါတယ်။ အကယ်၍ အသီးကို အရည်ညစ်ယူ ပါက ရေစစ်ဖြင့် စစ်ပြီးနောက် ပုလင်းထဲရောထည့်မသိမ်းပဲ သီးသန့် ထားစေချင်ပါတယ်။ (လက်ဖြင့် ညစ်ထားသောကြောင့် )
Credit: Chaw Su’s Food Friends