ထောပတ်သီးတွေက ဖျော်ရည်သောက်ဖို့၊ ပေါင်မုန့်တွေနဲ့ညှပ်စားဖို့ပဲ အသုံးပြုလို့ရတာမဟုတ်ပါဘူး။ သဘာဝအတိုင်း စိမ့်သက်တဲ့အရသာကို ပေးစွမ်းနိုင်တဲ့ ထောပတ်သီးကိုသုံးပြီးတော့ ရင်ထဲအေးဆင်းသွားမယ့် ရေခဲမုန့်လည်း ပြုလုပ်နိုင်ပါသေးတယ်။

ပြုလုပ်ချိန်ကလည်း ၂၀ မိနစ်လောက်ပဲလိုတာဖြစ်လို့ ပူအိုက်တဲ့အချိန်မှာ အထူးသင့်တော်တဲ့ အချိုပွဲလေးတစ်ခုဖြစ်ပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် (အလုံးကြီးကြီး) – ၂ လုံး
  • သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • နို့ဆီ – ၄၀၀ ဂရမ်
  • ဆား – အနည်းငယ်
  • Double Cream – ၆၀၀ မီလီလီတာ

ပြင်ဆင်ပြုလုပ်ပုံ

၁။ ဦးစွာအနေနဲ့ ထောပတ်သီး ၂ လုံးကို အလယ်ကထက်ခြမ်းခြမ်းပြီး အစေ့ထုတ်၊ အခွံခွာပါ။ ရလာတဲ့အသားတွေကို သံပုရာရည်၊ နို့ဆီ၊ ဆားတို့နဲ့အတူ ဖျော်စက်ထဲထည့်ပေးပါ။

၂။ နူးညံ့သွားတဲ့အထိ အားလုံးကို ၁ မိနစ် ၂ မိနစ်လောက်ရောကြိတ်ပေးပါ။

၃။ ပန်းကန်ကြီးကြီးတစ်လုံးထဲမှာ Double Cream ၆၀၀ မီလီလီတာကို ထည့်ပြီးတော့ ကြက်ဥခေါက်တံကိုသုံးကာ မွှေပေးပါ။

၄။ ပုံပါအနေအထားအတိုင်း ရသွားပြီဆိုရင်တော့ ထောပတ်သီးအနှစ်ကို ခရင်မ်ပန်းကန်ထဲထည့်ကာ ဖြည်းဖြည်းချင်းမွှေပေးပါ။

၅။ နှစ်ခုပေါင်းစပ်သွားပြီဆိုရင်တော့ ခွက်တစ်ခုထဲပြောင်းထည့်ပြီးတော့ မျက်နှာပြင်ညီအောင် ညှိလိုက်ပါ။ ပြီးရင် အပေါ်မှ ပလတ်စတစ်နဲ့ဖုံးအုပ်လိုက်ပါ။

၆။ အနည်းဆုံး ၈ နာရီ သို့မဟုတ် တစ်ညတာ အေးခဲထားပြီး နောက်တစ်နေ့ပြန်ထုတ်ယူကာ မစားခင် မိနစ်အနည်းငယ်လောက် ခဏထားပါ။ အတန်ငယ်ပျော့သွားပြီဆိုရင်တော့ အရသာရှိတဲ့ ထောပတ်သီးရေခဲမုန့်ကို စားသုံးနိုင်မှာဖြစ်ပါတယ်။

Source: realfood.tesco.com