အပြင်ပိုင်းက ကြွပ်ရွပြီးတော့ အတွင်းသားကနူးအိနေတဲ့ ပြည်ကြီးငါးအကြွပ်ကြော်လောက် ဘယ်ဟင်းပွဲမှ အရသာရှိနိုင်မယ်မထင်ပါဘူး။ နိုင်ငံတကာ အစားအစာတစ်မျိုးဖြစ်တဲ့အပြင် ဘယ်လိုအချိန်မှာစားစား ခံတွင်းအမြဲတွေ့စေမယ့် ဟင်းလျာလေးဆိုလည်း မမှားပါဘူး။

ကဲ…ဒါဆိုရင် ပြုလုပ်ရလွယ်ကူတဲ့ ချက်နည်းလေးကို ပြောပြပေးမယ်နော်။

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး – ၅၀၀ ဂရမ်

နို့ – ၄၀၀ မီလီလီတာ

ပြောင်းမှုန့် – ၇၀ ဂရမ်

ဂျုံမှုန့် – ၇၀ ဂရမ်

လီမွန် – ၂ လုံး

တရုတ်နံနံ (နုပ်နုပ်စဉ်းပြီး) – စားပွဲတင်ဇွန်း ၂ ဇွန်း

ဟင်းချက်ဆီ

ပြင်ဆင်ပြုလုပ်ပုံ

၁။ ပြည်ကြီးငါးကို သေချာသန့်စင်အောင် ဆေးကြောပြီး ၁ စင်တီမီတာလောက်ရှိတဲ့ အကွင်းလေးတွေလှီးပေးပါ။ ရလာတဲ့ပြည်ကြီးငါးကွင်းလေးတွေကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး နူးညံ့သွားအောင်လို့ နို့တွေလောင်းထည့်ကာ နာရီဝက်ထားပေးပါ။ ကြာကြာထားလေ ပိုနူးညံ့လေပါပဲ။

၂။ အတန်ငယ်နက်တဲ့ ပန်းကန်လုံးတစ်ခုထဲကို ပြောင်းမှုန့် ၇၀ ဂရမ်၊ ရိုးရိုးဂျုံမှုန့် ၇၀ ဂရမ်ရောထည့်ပါ။ ဆား၊ ငရုပ်ကောင်းအနည်းငယ်စီထည့်ပြီး အရသာဖြည့်ပေးပါ။ လီမွန်အခွံခြစ်လေးတွေ၊ တရုတ်နံနံနုပ်နုပ်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကိုပါ ရောထည့်နယ်ကာ ခဏဘေးဖယ်ထားပါ။

ပြည်ကြီးငါးတွေကို အရည်ညှစ်ပစ်ပြီးတော့ ဂျုံအရောထဲထည့်ကာ သေချာနှံ့အောင်နယ်အောင် နယ်ပေးလိုက်ပါ။

၃။ လက်ကိုင်တပ်ဒယ်အိုးကျယ်ကျယ်တစ်ခုထဲကို ဆီများများထည့်ပြီးတော့ အပူပေးပါ။ ဆီပူလာပြီဆိုရင် ပြည်ကြီးငါးကွင်းလေးတွေကို ထည့်လိုက်ပြီး ၂ မိနစ် ၃ မိနစ်လောက် ကြော်ပေးပါ။ ဟိုဖက်ဒီဖက်လှန်ပေးပြီးတော့ အညိုရောင်သမ်းလာပြီဆိုရင် ဆယ်လိုက်ပါ။

၄။ ဆီသေချာစစ်ပြီးသွားပြီဆိုရင် ပန်းကန်တစ်ခုထဲထည့်လိုက်ကာ ဆားလေးနည်းနည်းဖြူး၊ လီမွန်ခြမ်းလေးတွေ ဘေးမှာအလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Credit: realfood.tesco.com