ချောကလက်ကြိုက်တဲ့သူတွေနဲ့ အချိုကြိုက်တဲ့သူတွေအတွက် ချိုချိုစိမ့်စိမ့်လေးနဲ့ အရသာရှိတဲ့ ချောကလက်ပန်ကိတ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

လုပ်နည်းကတော့ အရင်ဆုံး ပန်းကန်လုံးအကြီးထဲကို ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး သကြား – ၅၀ ဂရမ် (ခွက်ရဲ့ ၄ ပုံ ပုံ ၁ ပုံစာ) ထည့်ပြီး သမအောင်မွှေပါမယ်။

နွားနို့ – ၂၄၀ မီလီလီတာ (ပန်းကန်လုံး ၁ လုံးစာ) ထည့်ပြီး အရည်ပျော်အောင်လုပ်ထားတဲ့ ထောပတ်အရည် – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး ထပ်မွှေပါမယ်။

နောက်ထပ်ပန်းကန်လုံးထဲကို ဂျုံမှုန့် – ၁၆၀ ဂရမ်၊ ချောကလက်အမှုန့် – ၄၀ ဂရမ်၊ Baking Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲစာ၊ Baking Soda – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ၊ ဆား – အနည်းငယ်တို့ ထည့်ပြီး သမအောင်နယ်လိုက်ပါ။

သမအောင်နယ်ပြီးရင် ပထမဆုံးလုပ်ထားတဲ့ပန်းကန်ထဲကို သွားရောပြီး ထပ်မွှေပါမယ်။

ချောကလက်သေးသေးလေးတွေကို ၆၀ ဂရမ်လောက်ထည့်ပြီး ထပ်မွှေပါမယ်။

ကြော်မယ့်ဒယ်အိုးက ဒယ်ပြားဆို ပိုကောင်းပါတယ်။ ဒယ်ပြားထဲကို ထောပတ် ၁ တုံးထည့်ပြီး ထောပတ်အရည်ပျော်တာနဲ့ ခုနကမွှေထားတာတွေကို ဇွန်းကြီးနဲ့ယူပြီး ကြော်ပါမယ်။ ဟိုဘက်ဒီဘက်လှန်ပြီး ၂ မိနစ်လောက်ကြော်ပေးရင်ရပါပြီ။

အားလုံးကြော်ပြီးရင် ပန်းကန်ပြားထဲကို ထပ်ပြီးတင်လိုက်ပါ။

ချောကလက် ၁၀၀ ဂရမ်ကို အတုံးသေးသေးတွေဖြစ်အောင် ဓားနဲ့လှီးထားပါ။ အိုးတစ်လုံးကိုမီးဖိုပေါ်တင်ပြီး Heavy Cream – ပန်းကန်လုံးအကြီးတစ်ဝက်စာ ထည့်တည်ပါ။

ဆူလာရင် မီးဖိုပေါ်ကချလိုက်ပါ။ ခုနကလှီးထားတဲ့ ချောကလက် ၁၀၀ ဂရမ်ကို ထည့်ပြီး ၁ မိနစ်ထားလိုက်ပါ။ အချိန်ပြည့်လို့ မွှေလိုက်တာနဲ့ ချောကလက်အရည်ပျစ်ပျစ်တွေ ဖြစ်သွားပါလိမ့်မယ်။

ရလာတဲ့ချောကလက်အရည်ပျစ်ပျစ်တွေကိုမှ ခုနကကြော်ထားတဲ့ ပန်ကိတ်ပေါ်ကို ဖြည်းဖြည်းချင်း လောင်းချလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး ချိုစိမ့်နေတဲ့ ချောကလက်ပန်ကိတ်ကို ရရှိသွားပါပြီ။

Source: www. thecookingfoodie