အားလုံးပဲ မင်္ဂလာပါ။ အသင့်လုပ် ငါးအသားလုံးတွေ ဝယ်စားမယ့်အစား မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားတဲ့ သဘာဝငါးအသားလုံးတွေကသာ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တာကြောင့် ငါးအသားလုံး ပြုလုပ်နည်းကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မက်ကရယ်ငါး ၁၀၀၀ ဂရမ် (မည်သည့်ငါးမဆို အသုံးပြုနိုင်ပါတယ်)
  • ရေခဲရေ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • ကြက်ဥအကာ ၄ လုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးခေါင်းနဲ့ ငါးအမြီးကို ဖယ်ရှားပြီး ငါးကို ထက်ခြမ်းခြမ်းကာ အထဲက အသားများကို ဇွန်းဖြင့် ခြစ်ယူလိုက်ပါ။ (ငါးခေါင်းနဲ့ ငါးအမြီးကို ဟင်းချိုပြန်လုပ်သောက်နိုင်တဲ့အတွက်ကြောင့် မလွှင့်ပစ်လိုက်ပါနဲ့)

၂။ အသားကြိတ်စက်ထဲတွင် ငါး၊ ဟင်းချက်ဝိုင်နှင့် ရေခဲရေ ၂၀၀ မီလီလီတာတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ငါးအရောအနှောကို ပန်းကန်လုံးထဲထည့်ပြီးနောက် သကြား၊ ဆားတို့ဖြင့် သမအောင် ရောနယ်ပေးလိုက်ပါ။ ပြီးရင် ကြက်ဥအကာနဲ့ ထပ်မံရောနယ်ပေးရပါမယ်။

၄။ လက်တစ်ဖက်က နယ်နေချိန်မှာ အခြားတစ်ဖက်က ရေခဲရေ ၁၅၀ မီလီလီတာကို နည်းနည်းချင်းစီလောင်းထည့်ပြီး ခရင်မ်ကဲ့သို့ အနှစ်များဖြစ်သွားသည်အထိ နယ်ပေးရပါမယ်။

၅။ ခရင်မ်အနှစ်များ ဖြစ်သွားပြီဆိုရင်တော့ ပြောင်းမှုန့်နှင့် ရေခဲရေ ၅၀ မီလီလီတာ ထပ်ထည့်ကာ သမအောင် ထပ်နယ်ပေးရပါမယ်။

၆။ နောက်တစ်ဆင့်အနေနဲ့ ငါးအနှစ်များကို စမ်းသပ်ရမယ့်အဆင့်ဖြစ်ပါတယ်။ ငါးအနှစ်အနည်းငယ်ကို ယူပြီး ရေထည့်ထားတဲ့ ဖန်ခွက်ထဲထည့်ပါ။ ငါးအနှစ်က ရေပေါ်တွင် ပေါလောပေါ်သွားပြီဆိုရင်တော့ အိုကေသွားပါပြီ။

ရေပေါ်မှာ ပေါလောမပေါ်သေးဘူးဆိုရင်တော့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်နယ်ပါ။ ပြီးရင် စောစောကနည်းအတိုင်း ထပ်မံစမ်းသပ်ပေးရပါမယ်။

၇။ စမ်းသပ်မှု အောင်မြင်သွားပြီဆိုရင်တော့ ငါးအသားလုံး စလုံးလို့ရပါပြီ။

ရရှိလာတဲ့ ငါးအသားလုံးများကို ၂ ရက်အတွင်း စားသုံးချင်တယ်ဆိုရင်တော့ ရေခဲရေထဲထည့် စိမ်ထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

တစ်လကြာကြာ အထားခံချင်တယ်ဆိုရင်တော့ ရရှိလာတဲ့ငါးအသားလုံးများကို ရေနွေးနွေးလေးထဲ ထည့်ပြုတ်ထားပါ။ (ဆူပွနေတဲ့ ရေနွေးပူနဲ့ မတည်ရပါဘူး။) ငါးအသားလုံးများ ရေနွေးနွေးလေးပေါ် ပေါလောပေါ်လာပြီဆိုရင်တော့ ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။ ပြီးမှ လေလုံအိတ်ထဲ ထည့်သိမ်းထားပြီးနောက် ရေခဲသေတ္တာအအေးခန်းထဲမှာ ထည့်သိမ်းထားနိုင်ပါတယ်။

Source: Chinasichuanfood.com