ကိတ်မုန့်ဆိုင်တွေတော်တော်များများမှာ ရောင်းလေ့ရှိတဲ့ ကြက်ဥမုန့်ကိုတော့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် လူတိုင်းလိုလိုကြိုက်ကြတဲ့ ကြက်ဥမုန့်ကို အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရအောင် လုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။ လုပ်ရတာတော့လွယ်ကူပေမယ့် မုန့်ဖုတ်စက်ရှိမှ အဆင်ပြေစေမှာပါ။

ကြက်ဥမုန့်ပြုလုပ်ဖို့ ပထမဆုံးအနေနဲ့ ပန်းကန်လုံးအကြီးထဲကို ဇကာနဲ့စစ်ပြီး ကိတ်လုပ်တဲ့ဂျုံမုန့် – ခွက် ၂ – ခွက်စာထည့်ပါ။ Powder Sugar – ခွက်တစ်ဝက်စာနဲ့ ဆား – အနည်းငယ်တို့ကိုလည်း ထည့်ပေးပါ။ ပြီးတာနဲ့ ထောပတ်ချောင်း – ၁ ချောင်းကို ပိုင်းပြီးထည့်ကာ လက်နဲ့နယ်ပေးပါ။

ကြက်ဥ – ၄ လုံးကို ပန်းကန်နှစ်လုံးနဲ့ အနှစ်သက်သက်၊ အကာသက်သက်ခွဲထည့်ပေးပါ။ ပြီးတာနဲ့ ကြက်ဥအနှစ်တွေကို ခလောက်ပြီး စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး ခုနကနယ်ထားတဲ့ ဂျုံမှုန့်ပန်းကန်ထဲထည့်ပါ။ ကျန်တဲ့ကြက်ဥအနှစ်တွေကိုတော့ နောက်တစ်ခါသုံးဖို့ ထားထားပါ။ Vanilla – အနည်းငယ်ကိုလည်း ထည့်ပြီးနယ်ပေးပါ။ ရလာတာတွေကို ပလတ်စတစ်အစနဲ့ပတ်ကာ ရေခဲသေတ္တာထဲမှာ မိနစ် – ၃၀ ကြာထည့်ထားပေးပါ။

နောက်ထပ်ခွက်တစ်လုံးထဲကို – သကြား – စားပွဲတင်ဇွန်း ၆ ဇွန်းနဲ့ ရေနွေး – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာကို ထည့်မွှေပြီး ခဏအအေးခံထားပါ။ အေးသွားပြီဆိုရင် ခုနကကျန်တဲ့ ကြက်ဥအနှစ်တွေကို ထည့်ပြီး ကျိုထားတဲ့နွားနို့ – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာနဲ့ Vanilla – အနည်းငယ် ထည့်မွှေပါ။

ရေခဲသေတ္တာထဲထည့်ထားတဲ့ ဂျုံတွေကိုထုတ်ပြီး လက်နဲ့လှိမ့်ပေးကာ ပုံမှပြထားတဲ့အတိုင်း ရလာပြီဆိုရင်တော့ ဓားနဲ့လှီးပြီး ပုံစံခွက်တွေထဲကို လိုက်ထည့်ပေးရပါမယ်။ ထည့်တဲ့အခါမှာလည်း လက်လေးနဲ့လိုက်ဖိချပေးဖို့ လိုပါမယ်။ ပြီးရင်တော့ ခုနကမွှေထားတဲ့ အရည်တွေကိုထည့်ပေးရပါမယ်။ အားလုံးပြီးသွားရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၄၀၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၁၅ မိနစ်လောက်ထည့်ထားပေးပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ ကြက်ဥမုန့်ကို ရရှိသွားပါပြီ။ လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်တဲ့ သရေစာမုန့် တစ်ခု ဖြစ်တာကြောင့် အိမ်မှာမုန့်ဖုတ်စက်ရှိရင် လုပ်စားကြည့်သင့်ပါတယ်။

Photo Source: www.tasty.com