ပါဝင်ပစ္စည်းများ

  • ရေညှိ
  • ထမင်းဖြူ
  • ကြက်ဥ
  • ကြက်အသားပြား(ကြက်အူချောင်း (သို့) အသား ထည့်ချင်လဲ ရပါတယ်)
  • သခွားသီး
  • ကြက်သွန်မြိတ်
  • မုန်လာဥနီ
  • ကြက်သားမှုန့်
  • ယင်းလိပ် (သို့) ကတ်ထူစက္ကူ
  • ဂျုံမှုန့်
  • ဆား
  • နျှမ်းဆီ ( သို့ ) ဟင်းရွက်ဆီ
  • ရေ အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ပထမဆုံးကြက်ဥကို ခေါက်ပါမယ်။ ခပ်ထူထူလေးဖြစ်အောင်လို့ ဂျုံမှုန့်နဲနဲသုံးပါ။ ဆားအပေ့ါအငန်လိုသလောက်ထည့်ပါ။ ဒယ်အိုးအပြားနဲ့ ခပ်ထူထူလေးကြော်ပါ။ ရရင် လိုသလောက်လေးတွေ လှီးထားလိုက်ပါ။

သခွားသီးကိုအခွံနွှာပြီးအချောင်းလေးတွေလှီးပါ။ ကြက်သွန်မြိတ်ကိုလဲ အမြိတ်လေးကိုပဲ လိုသလောက်ဖြတ်ယူပါ။ မုန်လာဥနီ ကို ခြစ်ထားပါ။ (အချောင်းလေးတွေ လှီးလဲ အဆင်ပြေပါတယ်)

ကြက်သားပြားကတော့ အကင်ဆိုင်တွေမှာ ရတတ်ပါတယ်။ ကြက်သားပြားမဟုတ်လဲ ကြက်အူချောင်း၊ အသား နှစ်သက်တာကို ထည့်နိုင်ပါတယ်။ ကြော်ပြီး လိုသလောက်လေးတွေ ပိုင်းလိုက်ပါ။

အားလုံး အဆင်သင့်ဖြစ်ပြီးဆိုတော့ ထမင်းလိပ် စလိပ်ပါတော့မယ်။ ရေလေးတစ်ခွက်တော့ အနားမှာခပ်ထားနော်။ ထမင်းပူပူကို နဲနဲအငွေ့သေအောင် ထားပြီး နှမ်းဆီ ( သို့ ) ဟင်းရွက်ဆီ နဲနဲထည့်၊ ကြက်သားမှုန့်အနေတော်လောက်ထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင် ရေညှိပေါ်မှာ ထမင်းကိုဖြန့်ပါ။ အပေါ်က နည်းနည်းတော့ဖိပေးပါ။

ထမင်းထည့်တဲ့အခါ နည်းနည်းလေးတော့ အလွတ်ချန်ထားပါ။ ထမင်းဖြန့်ပြီးပြီ ဆိုရင် အသီးအနှံအစာပလာတွေ အစုံအလင်လေး ထည့်လို့ရပါပြီး။

ထမင်းထည့်ရင် အများကြီးတော့ သွားမထည့်နှင့် လိပ်ရခက်နေဦးမယ်။ လွတ်နေတဲ့နားလေးကို ရေလေးနည်းနည်းဆွတ်ပြီး လိပ်လိုက်ပါ။

ကျစ်သွားအောင် ယင်းလိပ်ကို ခပ်ကျစ်ကျစ်လေးညှစ်ပေးပါ။ (ယင်းလိပ်မရှိရင်လဲစက္ကူထူထူလေး ကတ်ထူစက္ကူနဲ့လဲ လိပ်လို့ရပါတယ်)။ ကျစ်ကျစ်လစ်လစ်နဲ့ အရသာရှိတဲ့ ထမင်းလိပ်လေးရပါပြီ။ ထမင်းလိပ်ကို မလှီးခင် ဓါးကို ရေလေးနည်းနည်းဆွတ်ပါ။ ဆီလဲရတာပဲ လှီးရလွယ်တာပေ့ါ။

Credit: စားဖိုမှူးညီအစ်မ