ကိုရီးယားကင်ချီထမင်းကြော်ကို အရမ်းကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် အပြင်မှာ ဈေးကြီးပေးပြီး သွားစားစရာမလိုပဲ အိမ်မှာ ကိုယ့်ဘာသာကိုယ်လုပ်စားလို့ရအောင် လုပ်ရမယ့်နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါစားပြီးတာနဲ့ထပ်စားချင်နေတဲ့ ကိုရီးယားကင်ချီထမင်းကြော်ဟာဆိုရင် ထည့်ရမယ့် ပါဝင်ပစ္စည်းတွေသာ နည်းနည်း ခက်တာ၊ လုပ်စားရတာကတော့ အရမ်းကိုလွယ်ကူပါတယ်။ ဒီတော့ လုပ်ရမယ့်ပုံစံလေးကို ကြည့်လိုက်ကြရအောင်…။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ (၁) လုံး၊ ဆီ စားပွဲတင်ဇွန်း (၁) ဇွန်း၊ အတုံးသေးသေးလေးတွေလှီးထားတဲ့ Bacon (၀က်ဆားနယ်ခြောက်) (၁၂၀) ဂရမ်၊ ကင်ချီ (၂၀၀) ဂရမ်၊ ထမင်း (၅၀၀) ဂရမ်၊ ကင်ချီ အရည် (၅၀) မီလီလီတာ၊ နှမ်းဆီ စားပွဲတင်ဇွန်း (၁) ဇွန်း၊ ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း (၃) ဇွန်း၊ ကြက်သွန်မြိတ် ပါးပါးလှီးထားတာ အနည်းငယ်နဲ့ ရေညှိကို အချာင်းသေးသေးလေးတွေဖြစ်အောင် လှီးထားတာတို့ လိုအပ်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ဒယ်အိုးထဲကို ဆီ စားပွဲတင်ဇွန်း (၁) ဇွန်းစာထည့်လိုက်ပါ။ ပြီးရင်တော့ Bacon (၀က်ဆားနယ်ခြောက်) ထည့်ပြီး ကြော်ပေးပါ။

လှီးထားတဲ့ကင်ချီတွေကိုပါ ထည့်ကြော်ပေးပါ။ ပြီးရင် ထမင်းထည့်ပြီး သေချာလေးမွှေပေးပါ။

ပြီးရင်တော့ ကင်ချီအရည်၊ နှမ်းဆီနဲ့ ငရုတ်သီးအနှစ်ထည့်ပြီး သမအောင်မွှေပေးပါ။

အားလုံးသမအောင်မွှေပြီးပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးတွေ အပေါ်ကဖြူးပြီး သမအောင် ထပ်မွှေလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကင်ချီထမင်းကြော်ရပါပြီ။

ပြီးရင်တော့ ကြက်ဥတစ်လုံးကို အနှစ်မကျက်အောင် ကြော်ပြီး၊ ထမင်းပေါ်မှာ တင်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ညှပ်ထားတဲ့ ရေညှိချောင်းလေးတွေနဲ့ နှမ်းလေးတွေ ဖြူးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကင်ချီထမင်းကြော်ကို စားသုံးလို့ ရပါပြီ။

Source: youtube.com/meatman