သရက်သီးသာကူဆိုတာတော့ ရှားပါးတဲ့စားစရာတစ်ခုလို့ ပြောလို့ရပါတယ်။ ဘယ်မှာမှ ရောင်းတာမတွေ့ဘူးသေးပါဘူး။ ဒါကြောင့် အစားတစ်လိုင်းပရိသတ်တွေကို ထူးထူးဆန်းဆန်းလေးနဲ့ စားလို့ကောင်းနေစေမယ့် သရက်သီးသာကူပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း လွယ်ကူတဲ့အတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။

သရက်သီးသာကူပြုလုပ်ဖို့အတွက် Blender ထဲကို လှီးထားတဲ့သရက်သီးအမှည့် – ၂ လုံးထည့်ပေးပါ။ သရက်သီးဖျော်ရည် (Mango Juice) – ခွက်တစ်ခွက်စာနဲ့ အုန်းနို့ – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ နွားနို့ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ သကြား – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး မွှေပေးပါ။

မွှေပြီးရလာတာတွေကို ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။ ပြီးတာနဲ့ လှီးထားတဲ့ သရက်သီးအမှည့် – ၂ လုံး နဲ့ ပြုတ်ပြီးသားသာကူ – ခွက်တစ်ခွက်စာကို ထည့်မွှေပါ။ သေချာမွှေပြီးပြီဆိုရင်တော့ ရေခဲသေတ္တာထဲ ခဏထည့်ထားလိုက်ပါ။

ပန်းကန်လုံး ၂ လုံးထဲကို ပြုတ်ပြီးသား သာကူ – စားပွဲတင်ဇွန်း ၂ ဇွန်းစီ ထည့်ပေးပါ။ ရေခဲသေတ္တာထဲထည့်ထားတဲ့ အရာတွေကိုလည်း ပန်းကန်လုံးထဲထည့်ပေးပါ။ ပြီးရင်တော့ အပေါ်ကနေ လှီးထားတဲ့ သရက်သီးအမှည့်လေးတွေ တင်ပေးပါ။

ဒါဆိုရင်တော့ သရက်သီးသာကူကိုရရှိသွားပါပြီ။ အရသာလည်းရှိပြီး လုပ်စားရတာလည်း လွယ်ကူတဲ့ သရက်သီးသာကူကို အိမ်မှာ မိသားစုနဲ့အတူ လုပ်စားကြည့်ပါလို့ အကြံပြုပါတယ်။

Photo Source: www.yummyph.co