အိမ်မှာဟင်းမရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကြက်ဥကြော်စားချင်လို့စားတဲ့အခါမှာပဲဖြစ်ဖြစ် ကြက်ဥကို ဒီတိုင်းပဲ ကြက်သွန်လေးနဲ့ ကြော်စားကြတာများပါတယ်။ ဒါကြောင့် ကြက်ဥကို ဒီတိုင်းစားရတာ ရိုးနေတဲ့သူတွေအတွက် တစ်မူထူးခြားတဲ့အရသာလေးနဲ့ ပိုစားကောင်းသွားအောင် မှိုနဲ့ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကြက်ဥကိုမှိုနဲ့ကြော်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ မှို – ၅ ခု၊ ဆားနဲ့ ငရုပ်ကောင်း – အနည်းငယ်၊ ကြက်သွန်မြိတ် – ၁ ခု၊ ကြက်ဥ – ၂ လုံး၊ နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ချိစ်ပြား – ၁ ပြား လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ မှို – ၅ ခုကို လှီးပြီး ကြက်သွန်မြိတ် – ၁ ခု ကိုလည်း ပါးပါးလေးတွေ လှီးပေးပါ။

ပန်းကန်လုံးထဲကို ကြက်ဥ – ၂ လုံး ဖောက်ထည့်ပြီး နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့် ခလောက်ပေးပါ။

ဒယ်အိုးထဲကိုဆီထည့်ပြီး လှီးထားတဲ့မှိုတွေ ထည့်ကြော်ပေးပါ။ ဆားနဲ့ ငရုပ်ကောင်း – အနည်းငယ်ထည့်မွှေပြီး ကြော်ပေးပါ။ မှိုရလောက်ပြီဆိုရင်တော့ ပန်းကန်ပြားထဲ ခူးထုတ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ ထောပတ်အရည်ပျော်တာနဲ့ ကြက်ဥထည့်ကြော်ပါ။ ကြက်ဥမကျက်သေးတဲ့အချိန်မှာပဲ ချိစ်ပြား – ၁ ပြားကို နည်းနည်းစီဖဲ့ပြီး ကြက်ဥပေါ်တင်ပေးပါ။ ပြီးတာနဲ့ ကြော်ထားတဲ့မှိုတွေကို ကြက်ဥပေါ်တင်ပေးပါ။ ပြီးရင်တော့ ကြက်ဥကို ခေါက်ပြီး ကျက်သွားတဲ့အထိထားပေးရပါမယ်။

ကြက်ဥရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲခူးထုတ်ပြီး အသင့်စားသုံးနိုင်တဲ့ ကြက်ဥမှိုကြော်ကို ရရှိသွားပါပြီ။

Photo Source: www.totikkytikky.com