ထမင်းကြော်ကိုမှ အရသာရှိအောင်ကြော်ပြီး ထူးခြားသွားအောင် ကြက်ဥထဲမှာ ထည့်ကာ ဘယ်လိုပြင်ဆင်ပြုလုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းလေးက တစ်ယောက်ထဲနေတဲ့သူတွေအတွက်ဆိုရင် လုပ်စားရတာအဆင်ပြေစေပါတယ်။ ဟင်းတွေနဲ့မစားချင်ရင်လည်း ဒီလိုလေးလုပ်စားလို့ရပါတယ်။

ထမင်းစကြော်ဖို့အတွက် မှို – ၄ ခုကို ပါးပါးလှီးပါ။ ကြက်သွန်နီ – ၁ လုံးကို ပါးပါးလှီးပါ။ ဝက်ပေါင်ခြောက် – ၄ ချပ်ကိုလည်း ပါးပါးသေးသေးလေးတွေ လှီးပေးပါ။ ဝက်ပေါင်ခြောက်တွေကိုလည်း City Mart မှာ ဝယ်ယူနိုင်ပါတယ်။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး ကြက်သွန်နီလှီးထားတာတွေ ထည့်ပါ။ ရွှေပဲသီး – လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ လှီးထားတဲ့မှိုတွေကိုလည်း ထည့်ကြော်ပေးပါ။ လှီးထားတဲ့ဝက်ပေါင်ခြောက်တွေလည်း ထည့်ကြော်ပါ။

ဆား – အနည်းငယ်ထည့်ပြီး ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပါ။ ရလောက်ပြီဆိုရင်တော့ ချက်ပြီးသားထမင်း – ပန်းကန်လုံးအကြီး တစ်လုံးစာထည့်ကြော်ပါ။ ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း ၄ ဇွန်းစာထည့်ကြော်ပါ။

ထမင်းကြော်ရပြီဆိုရင် ကြက်ဥ – ၂ လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပါ။ ဆား – အနည်းငယ်ထည့်ပြီး ခလောက်ပေးပါ။

ဒယ်အိုးထဲကို ထောပတ်ခဲ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပါ။ ဆီအစား ထောပတ်ကိုသုံးပေးမှာပါ။ ပြီးရင်တော့ ြက်ဥထည့်ကြော်ပါ။ ကြက်ဥမကျက်တကျက် အနေအထားမှာ ကြော်ထားတဲ့ ထမင်းကြော်တွေကို တစ်ဝက်ပဲထည့်ပေးပါ။ ပြီးရင်တော့ ကြက်ဥကို ပုံမှာပြထားတဲ့အတိုင်း ခေါက်ပေးရပါမယ်။ ကျန်တဲ့ထမင်းကြော်တစ်ဝက်ကိုတော့ ဒီလိုပဲ ကြက်ဥနှစ်လုံးနဲ့ ထပ်ကြော်လို့ရပါသေးတယ်။ ဒါဆိုရင်တော့ နှစ်ယောက်စာရတာပေါ့။

ပန်းကန်ထဲကိုထည့်မယ်ဆိုရင်တော့ ဒယ်အိုးကိုမှောက်ပြီး ထည့်ပေးပါ။ ဒါမှလည်း ကြက်ဥကအပေါ်ဘက်ကို ရောက်မှာပါ။ လှလှလေးဖြစ်ချင်ရင်တော့ ဆီစုပ်စက္ကူလေးခံပြီး လက်နဲ့ပုံသွင်းပေးပါ။

နောက်ဆုံးမှာတော့ ကြက်ဥပေါ်မှာ ဆော့စ်လေးတွေတင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ထမင်းကြော်ကို ကြက်ဥနဲ့ အရသာရှိပြီး ထူးခြားအောင် ပြင်ဆင်တာလေးလည်း ပြီးဆုံးသွားပါပြီ။

Photo Source: www.justonecookbook.com