ဖက်ထုပ်လုပ်ရတာ လက်ဝင်လှတယ်လို့ တွေးကြတာ ထုံးစံဆိုပေမယ့်လည်း တကယ်တမ်းသာ ပြုလုပ်နည်းအဆင့်ဆင့်ကို သိထားမယ်ဆိုရင် ရိုးရှင်းလွယ်ကူလှပါတယ်။

အိမ်လုပ်ဆော့စ်လေးနဲ့ပါ တပါတည်းပူးတွဲစားသုံးမယ်ဆိုရင်တော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်လေးကို မြိန်ရေရှက်ရေ စားသုံးနိုင်ပြီပေါ့။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် – ၁၇၅ ဂရမ်

ဝက်သား (နုပ်နုပ်စဉ်း) – ၃၀၀ ဂရမ်

ဂေါ်ဖီထုပ် (နုပ်နုပ်စဉ်း) – ၇၅ ဂရမ်

ဂျင်း (ခြစ်ခြစ်ပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် (နုပ်နုပ်စဉ်း) – ၁၅ ဂရမ်

နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုပ်ကောင်းမှုန့်အဖြူ – လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆန်ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဦးစွာအနေနဲ့ ဂျုံမှုန့် ၁၇၅ ဂရမ်ကို ပန်းကန်လုံးတစ်ခုထဲထည့်ကာ တည်ပြီးသားရေ ၁၇၅ မီလီလီတာနဲ့ရောလိုက်ပါ။ မုန့်နှစ်ဖြစ်သွားတဲ့အထိ သစ်သားဇွန်းနဲ့ သေချာနှံ့အောင်နယ်ပေးပါ။ မုန့်နှစ်လှိမ့်မယ့် မျက်နှာပြင်ကို ဂျုံမှုန့်နည်းနည်းဖြူးလိုက်ကာ မုန့်နှစ်နူးညံ့သွားတဲ့အထိ ၂ မိနစ် ၃ မိနစ်လောက် ဆုပ်နယ်ပေးပါ။ ပြီးရင်တော့ မုန့်နှစ်ကို ပန်းကန်လုံးထဲပြန်ထည့်ကာ အပေါ်မှ ပလတ်စတစ်အုပ်ပြီးတော့ ခဏထားလိုက်ပါ။

၂။ မုန့်နှစ်ကိုနှပ်ထားနေချိန်မှာ နုပ်နုပ်စဉ်းပြီးသား ဝက်သား၊ သေးသေးလေးတွေလှီးပြီးသား ဂေါ်ဖီထုပ်၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံးတစ်ခုထဲထည့်လိုက်ပါ။ နှမ်းဆီ၊ ပဲငံပြာရည်၊ ငရုပ်ကောင်းမှုန့်တို့ခတ်လိုက်ပြီး သေချာနှံ့အောင် နယ်ပေးကာ ဘေးဖယ်ထားပါ။

၃။ အစောဦးပိုင်းက မုန့်နှစ်ကို ညီညီမျှမျှ ၂ ပိုင်းခွဲလိုက်ကာ ထိုမှတဆင့် ၁၂ စိတ်ဖြစ်အောင် ပြန်လည်ခွဲထုတ်လိုက်ပါ။ ပြီးရင်တော့ မုန့်နှစ်လှိမ့်မယ့် မျက်နှာပြင်ကို ဂျုံမှုန့်ဖြူးကာ တစ်ခုချင်းစီကို ပါးပါးလေးနဲ့ ဝိုင်းဝိုင်းလေးဖြစ်အောင် သေချာလှိမ့်ပေးပါ။

၄။ စားပွဲတင်ဇွန်း ၁ ဇွန်းရှိတဲ့ အစာယူလိုက်ပြီး တစ်ပြားချင်းစီမှာလိုက်ဖြည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်အနားလေးတွေကို ပူးကပ်လိုက်ကာ ပုံမှာပြထားတဲ့အတိုင်း လိုက်တွန့်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ဖက်ထုပ်တွေကိုလည်း တစ်ပုံစံတည်းပြုလုပ်ပေးပါ။

၅။ ဆော့စ်အတွက်ကိုတော့ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ပေးလိုက်ပါ။

၆။ ဆော့စ်ပြင်ပြီးပြီဆိုရင်တော့ မကပ်တဲ့ လက်ကိုင်တပ်ဒယ်အိုးတစ်ခုထဲမှာ ဆီထည့်လိုက်ပြီး ဆီပူလာပြီဆိုရင် ဖက်ထုပ်လေးတွေ ခွဲထည့်လိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက် ဒါမှမဟုတ် ရွှေညိုရောင်သမ်းလာတဲ့အထိ ဟိုဖက်ဒီဖက်လှန်ပြီးကြော်ပေးပါ။ ပြီးရင်တော့ ရေ ၁၀၀ မီလီလီတာထည့်ကာ အဖုံးအုပ်လိုက်ပြီး နောက်ထပ် ၃-၄ မိနစ်လောက် ထပ်ချက်ပေးပါ။

အချိန်ပြည့်ပြီဆိုရင် အဖုံးဖယ်လိုက်ပြီး ရေတွေခမ်းသွားတဲ့အထိ ချက်ပေးပါ။ လက်ကျန်ဖက်ထုပ်အားလုံးကိုလည်း တစ်ပုံစံတည်း ကြော်ပေးပါ။

၇။ ဖက်ထုပ်လေးတွေ အားလုံးကျက်သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲပြောင်းထည့်လိုက်ကာ အစောပိုင်းကပြင်ထားပြီးသား ဆော့စ်နှင့်အတူ တွဲဖက်ကာ ခံတွင်းမြိန်မြိန်စားသုံးနိုင်ပါပြီ။

Credit: realfood.tesco.com