မိုးလေးတွေက တဖွဲဖွဲကျလာပြီဆိုပေမယ့်လည်း အပူဒဏ်ကတော့ ပျောက်မသွားသေးဘဲ တဝဲလည်လည်နဲ့ ကျန်ရစ်နေဆဲပါပဲ။ ရာသီဥတုပူအိုက်တဲ့အခါဖြစ်ဖြစ်၊ အေးတဲ့အခါဖြစ်ဖြစ် ကလေးလူကြီးအားလုံးကြိုက်ကြပြီး ရာသီမရွေးစားလေ့ရှိတဲ့ သရေစာလေးတစ်ခုကတော့ ရေခဲချောင်းတွေပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ ချောင်းဆိုးမှာစိတ်ပူစရာမလိုအောင် ဆေးသကြားတွေမသုံးဘဲ သဘာဝသစ်သီးဝလံတွေကိုပဲ အသုံးပြုပြီးတော့ အရောင်အသွေးလှပတဲ့ သစ်သီးရေခဲချောင်းလေးတွေ ပြုလုပ်နည်းကို ဖော်ပြပေးမှာဖြစ်လို့ နေပူထဲထွက်ပြီး တကူးတက သွားဝယ်နေစရာမလိုတော့ဘူးပေါ့။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး – ၁ လုံး
  • စတော်ဘယ်ရီသီး (အခြမ်းလေးတွေလှီးပြီးသား) – ၁၈၀ ဂရမ်
  • သရက်သီး – ၁၅၀ ဂရမ်
  • ဘလူးဘယ်ရီ – ၁၈၀ ဂရမ်

ပြင်ဆင်ပြုလုပ်ပုံ

၁။ ငှက်ပျောသီးတစ်ဝက်ကို အခြမ်းလေးတွေလှီးပြီးတော့ စတော်ဘယ်ရီသီးတွေနဲ့အတူ ဖျော်စက်ထဲထည့်ပြီးကြိတ်ပေးပါ။ ပြီးရင်တော့ ရလာတဲ့အနှစ်ကို ရေခဲချောင်းကတော့ခွက်လေးတွေထဲ အညီအမျှဖြစ်အောင် လိုက်ထည့်ပေးပါ။

၂။ ဖျော်စက်ကိုဆေးကြောလိုက်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ ငှက်ပျောသီးတစ်ခြမ်းနဲ့ သရက်သီးတွေကို အတုံးလေးတွေလှီးကာ ပျစ်နှစ်သွားတဲ့အထိ ကြိတ်ခြေပါ။ ပထမအဆင့်အတိုင်းပဲ အနှစ်တွေကို ကတော့ခွက်လေးတွေထဲ ဖြည်းဖြည်းချင်း လိုက်ထည့်ပေးပါ။ အောက်အလွှာနဲ့ မရောသွားပါစေနဲ့။

၃။ တတိယအကြိမ်အနေနဲ့ ဖျော်စက်ကိုဆေးကြောလိုက်ပြီး ကျန်ရှိနေတဲ့ ဘလူးဘယ်ရီသီးများကို ပျစ်နှစ်သွားတဲ့အထိ ကြိတ်ခြေပါ။ အနှစ်တွေရပြီဆိုရင်တော့ သရက်သီးအလွှာအပေါ်ကနေ ဖြည်းဖြည်းချင်း လိုက်ထည့်ပေးပါ။

၎။ အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ တုတ်ချောင်းလေးတွေ လိုက်စွပ်ပြီး ခဲတောင့်သွားအောင်လို့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၈ နာရီလောက် သို့မဟုတ် တစ်ညတာ အေးခဲပေးပါ။

၅။ တောင့်တင်းအေးခဲသွားပြီဆိုပါက ရေခဲချောင်းလေးတွေ ထုတ်ရလွယ်ကူအောင်လို့ ကတော့ခွက်ကို ရေနည်းနည်းလောင်းပေးလိုက်ပါ။ ပြီးရင်တော့ အရောင်အသွေးလှပပြီး အရသာလည်း အရမ်းကောင်းတဲ့ သုံးရောင်ချယ်ရေခဲချောင်းလေး စားလို့ရပါပြီ။

Credit: realfood.tesco.com