ဖက်ထုပ်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ပုစွန် ဝက်သားအရောအနှောအပြင် မှိုနဲ့ မုန်လာဥနီ စတဲ့ဟင်းသီးဟင်းရွက်တွေပါ စုံလင်စွာပါဝင်နဲ့ ဖက်ထုပ်ပေါင်းလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ်ပြုလုပ်ရန် အသင့်ပြုလုပ်ထားသော ဂျုံပြား အခု ၄၀ ခန့်
  • မှို ၆ ပွင့်
  • ပုစွန် ၂၅၀ ဂရမ် (ရေဖြင့် စင်ကြယ်အောင်ဆေးကြောပြီးနောက် နုပ်နုပ်စဉ်းထားပါ)
  • ဝက်သား ၃၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • မုန်လာဥနီ ၁ လုံး (ခြစ်ခုံဖြင့် အဖတ်များရအောင် ခြစ်ချထားလိုက်ပါ)

  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)နှင့် နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုကို ရေနွေးပူထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ပါက ရေဖြင့် ပြန်လည်ဆေးကြောပြီးနောက် အတုံးခပ်သေးသေးလှီးဖြတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မှို၊ ပုစွန်၊ ဝက်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်ဥ၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်၊ ဆားနှင့်ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၃။ ထို့နောက် အသင့်လုပ်ဂျုံပြားကို အဆင်သင့်ပြင်ထားလိုက်ပါ။ ဂျုံပြား၏ အလယ်ဗဟိုတည့်တည့်တွင် စောစောကနယ်ထားသော အစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ထည့်လိုက်ပါ။ ထို့နောက် ဂျုံပြားကို အလယ်တည့်တည့်သို့စုကာ အပေါက်ခပ်သေးသေးသာ ဟထားပေးလိုက်ပါ။

ဂျုံပြားနှင့် အစာသွပ်မှုန့်များအားလုံး ကုန်သွားသည်အထိ ထိုကဲ့သို့ပြုလုပ်ပေးလိုက်ပါ။

၄။ ပေါင်းအိုးကို အဆင်သင့်ပြင်ထားလိုက်ပါ။ ထို့နောက် ဖက်ထုပ်များထည့်ကာ ၈ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့မွှေးနေတဲ့ ပုစွန် ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Omnivorescookbook.com