အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာ အချဉ်ဓာတ်ဖောက်ပေးလို့လည်း ရသလို၊ အမူးအမော်ပြေစေတဲ့ အချဉ်ဓာတ်ပါဝင်တဲ့ အအေးတစ်မျိုးမျိုး သောက်ချင်တယ်ဆိုရင်လည်း သောက်သုံးလို့ရဖို့အတွက် ဘက်စုံကူညီပေးတာကတော့ မန်ကျည်းသီးပဲ ဖြစ်ပါတယ်။

ဈေးဆိုင်မှာ အသင့်ပြုလုပ်ပြီးသား မန်ကျည်းသီးအနှစ်ကို မဝယ်လိုဘဲ မိမိအိမ်မှာ လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ မန်ကျည်းသီးအနှစ်ကိုမှ အသုံးပြုချင်တယ်ဆိုသူများအတွက် အလွယ်တကူပြုလုပ်နိုင်တဲ့ မန်ကျည်းသီးအနှစ်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ မန်ကျည်းသီးများနှင့် ရေနွေးပူ တစ်အိုးခွဲစာခန့်တို့ပဲဖြစ်ပါတယ်။

၁။ အရင်ဦးဆုံး မန်ကျည်းသီးပေါ်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်နဲ့ အခြားအမှုန်အမွှားများကို ဖယ်ရှားလိုက်ပါ။ ထို့နောက် မန်ကျည်းသီးများကို အိုးထဲ ထည့်လိုက်ပါ။ ထိုမန်ကျည်းသီးများ မြှုပ်ရုံဆိုရုံလောက်သာ ရေနွေးပူများ လောင်းထည့်လိုက်ပါ။ ရေနွေးများ အလွန်အကျွံမထည့်မိဖို့ကိုလည်း သတိထားပေးရပါမယ်။

၂။ မန်ကျည်းသီးများကို ၄၅ မိနစ်၊ တစ်နာရီခန့် တည်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့မန်ကျည်းသီးအနှစ်များကို သေချာမွှေပေးလိုက်ပါ။

၄။ ထို့နောက် ရေစစ်တစ်ခုအသုံးပြုပြီး မန်ကျည်းသီးအဖတ်နှင့် အရည်များကို ခွဲထုတ်လိုက်ပါ။ မန်ကျည်းသီးအရည်ကို အိုးသပ်သပ်တစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။

၅။ စောစောက စစ်ထုတ်ထားသော မန်ကျည်းသီးအဖတ်များကို ရေနွေးပူနဲ့ ထပ်ကျိုထားလိုက်လို့ရပါသေးတယ်။ သို့သော် ထပ်ခါတလဲလဲ အသုံးပြုမယ်ဆိုရင်တော့ မန်ကျည်းသီးရဲ့အရသာက ကောင်းမှာမဟုတ်ပါဘူး။

၆။ ထို့နောက် အိုးသပ်သပ်တစ်လုံးထဲထည့်ထားသော မန်ကျည်းသီးအရည်များကို ၄ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် ထပ်တည်လိုက်ပါ။ အချိန်ပြည့်ပါက မီးဖိုပေါ်က ချပြီး အအေးခံထားလိုက်ပါ။

၇။ မန်ကျည်းသီးအနှစ်များ အေးသွားပြီဆိုရင်တော့ သန့်စင်ခြောက်သွေ့တဲ့ဖန်ပုလင်းထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။

ထိုမန်ကျည်းသီးအနှစ်များကို တစ်လတိတိကြာသည်အထိ အသုံးပြုနိုင်ပါတယ်။

Source: Indianhealthyrecipes.com