ကြက်ချိုချဉ်ကြော်နဲ့ ဝက်ချိုချဉ်ကြော်ဆိုရင်တော့ ကြိုက်တဲ့သူများမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တချို့က ဝက်သားမစားတာလည်းရှိတဲ့အတွက် ကြက်သားချိုချဉ်ကြော်ကိုပဲ ထူးကဲတဲ့အရသာလေးနဲ့ ပိုစားကောင်းအောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကြက်ချိုချဉ်ကြော်ပြုလုပ်ဖို့ ကြက်ရင်အုံသား – ၁ ပေါင်းကို အတုံးတွေ အရင်တုံးပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ကို ထည့်ပြီး နယ်ပေးပါ။ ဆန်မှုန့် – ခွက်တစ်ဝက်စာကိုထည့်ပြီး သမအောင်နယ်ပေးပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ကြက်ဥ – ၂လုံးထည့်ပြီး ခလောက်ပါ။ ခုနကနယ်ထားတဲ့ ကြက်သားတစ်တုံးချင်းစီကိုယူပြီး ကြက်ဥပန်းကန်ထဲထည့်စိမ်ပါ။ ပြီးတာနဲ့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။ ကြော်ပြီးသွားရင် ပန်းကန်ထဲခူးထုတ်ထားလိုက်ပါ။

နောက်ထပ်ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း တစ်ဝက်စာထည့်မွှေပါ။ လှီးထားတဲ့ ငရုပ်ပွတစ်တောင့်ကို ထည့်ကြော်ပါ။ Cider Vinegar ကို ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာထည့်ပြီး ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

ငရုပ်ဆီ – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာနဲ့ သကြား – ခွက်တစ်ဝက်စာထည့်မွှေပါ။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ကြော်ထားတဲ့ကြက်သားတွေကို ထည့်ကြော်ပါ။ ရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ ထူးကဲတဲ့အရသာနဲ့ ပိုပြီးစားလို့ကောင်းသွားမယ့် ကြက်ချိုချဉ်ကြော်ကို ရရှိသွားပါပြီ။ ထမင်းနဲ့တွဲစားလည်း အရသာရှိသလို၊ အမြည်းလုပ်စားရင်လည်း အရမ်းစားကောင်းပါတယ်။

Photo Source: www.tasty.com