အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် အရသာထူးကဲကောင်းမွန်တဲ့ အာလူး အမဲသားဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၃ ပေါင် (၂ လက်မပတ်လည် အတုံး တုံးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ အကြီး ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • လက်မဝက်အရွယ်အစားခန့်ရှိသော ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)

  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၃ လုံး (အတုံးခပ်သေးသေး တုံးထားပါ)
  • အာလူး ၁ ပေါင်ခွဲ (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)

  • အမဲပြုတ်ရည် ၇၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၄၈ ဇွန်းခန့်)
  • နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • မဆလာ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် နနွင်းမှုန့်၊ မဆလာနှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောနှောထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားတုံးများထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် အမဲသားတုံးများကို ပန်းကန်ထဲသို့ ခပ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ကာ ၄ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် မဆလာအရောအနှောတို့ထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သံပုယိုရည်၊ ခရမ်းချဉ်သီးအနှစ်၊ သကြားညို၊ အမဲပြုတ်ရည်၊ မုန်လာဥနီနှင့် အာလူးတို့ထည့်ပါ။ အမဲသားတုံးများ ပြန်ထည့်ပြီး သမအောင် မွှေလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးအဖုံးအုပ်ကာ မီးအေးအေးဖြင့် ၁ နာရီခန့် ဆူလာအောင် တည်ထားရပါမယ်။

၆။ သတ်မှတ်ချိန်ပြည့်ပါက အာလူးနှင့် အမဲသားတို့ နူး မနူး စမ်းသပ်ကြည့်ပါ။

နူးအိသွားပြီဆိုရင်တော့ မဆလာအနံ့လေး သင်းနေတဲ့ အာလူး အမဲသားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Tasteandsee.com