အားလုံးပဲ မင်္ဂလာပါ။ အရသာထူးကဲကောင်းမွန်တဲ့ဟင်းလျာများကိုသာ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ထောပတ်ကြက်သားဟင်း ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် ၁ ခဲနှင့် တစ်ဝက်
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ကာ ပါးပါးလှီးပါ)
  • မဆလာ စားပွဲတင်ဇွန်း ၂ ဇွန်း

  • သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်

  • Heavy Cream စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရယ်ဒီမိတ် ခရမ်းချဉ်သီးအနှစ် စည်သွတ်ဘူးတစ်ဘူး
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ခဲ တစ်ဝက်ထည့်ကာ အရည်ပျော်လာသည်အထိ စောင့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်နီထည့်ပြီး ၅ မိနစ်ခန့် မွှေကြော်ပါ။

၂။ ထို့နောက် ကြက်သားတုံးများထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် ထပ်မွှေကြော်ရပါမယ်။

၃။ ပြီးရင်တော့ ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် မဆလာ၊ သစ်ကြမ်းပိုးခေါက်မှုန့်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။

၄။ ကျန်ရှိနေတဲ့ ထောပတ်ခဲ ၁ ခဲကို ကြက်သားထဲ ရောထည့်ပြီး ထောပတ်ခဲအရည်ပျော်သွားသည်အထိ တည်ထားပါ။ ကြက်သားအိုးကို မကြာခဏမွှေပေးဖို့လည်း လိုပါတယ်။

၅။ ထောပတ်အရည်ပျော်သွားပြီဆိုရင်တော့ Heavy Cream ၊ ခရမ်းချဉ်သီးအနှစ်တို့ထည့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

ဟင်းရည်က မိမိလိုချင်တဲ့ အကျဲအပျစ် အနေအထားခန့်ရောက်သွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးမှုန့် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ဆား၊ ငရုတ်ကောင်းမှုန့် လိုအပ်သလောက် ထပ်ထည့်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်ကြက်သားဟင်းပွဲလေး ရရှိသွားပါပြီ။

Source: Averiecooks.com