ပါစတာကြိုက်သူတွေနဲ့ အိန္ဒိယဟင်းလျာအရသာကို ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အိန္ဒိယစတိုင်လ် မဆလာ ကြက်သားပါစတာ ချက်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတဲ့အဆင့်သာနည်းနည်းများတာပါ။ ချက်နည်းကတော့ အရမ်းကိုလွယ်ကူပါတယ်။

အရိုးမပါအောင် ကြက်သား အသားချည်းပဲ ၂၀၀ ဂရမ်ကို လှီးပြီး ပန်းကန်ထဲထည့်ပါ။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ဂျင်းအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင်တော့ မိနစ် ၂၀ လောက် ထားထားလိုက်ပါ။

အချိန်ပြည့်ရင် ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သားတွေထည့် ကြော်ပါမယ်။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုပ်ထားပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းထပ်ထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – ပန်းကန်လုံးအသေး ၁ လုံးစာ၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး မွှေပါ။ ၅ မိနစ်လောက် မွှေပြီး ကြော်နေပေးပါ။

ပြီးရင်တော့ သေးသေးလေးတွေလှီးထားတဲ့ ငရုပ်သီးစိမ်း – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သေးသေးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး – ပန်းကန်လုံးအသေး ၁ လုံးစာထည့်ပြီး ၅ မိနစ်လောက်တည်ကာ မွှေနေပေးပါ။

ရေ – ပန်းကန်လုံးတစ်ဝက်စာထည့်ပြီး အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မဆလာ – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ကာ မွှေပါ။ အဖုံးပိတ်ပြီး ၅ မိနစ်တည်ထားပါ။

အချိန်ပြည့်ရင် အဖုံးဖွင့်ပြီး ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ခုနကကြော်ထားတဲ့ ကြက်သားတွေထည့်ပါ။ ငရုပ်ပွတောင့်အရှည်ကိုလည်း သေးသေးလေးတွေလှီးပြီး အနည်းငယ်ထည့်ပါမယ်။ ၂ မိနစ်လောက်တည်ပြီး သေချာမွှေနေပေးပါ။

အချိန်ပြည့်ရင်တော့ ပြုတ်ထားပြီးသား ပါစတာ – ခွက် ၂ ခွက်စာကို ထည့်ပြီး သေချာသမအောင် ကြာကြာလေး မွှေပေးပါ။

သေချာသမအောင်မွှေပြီးရင်တော့ ရပါပြီ။ ပန်းကန်ထဲခူးထည့်ပြီး စားရုံပါပဲ။ ဒါဆိုရင်တာ့ အိန္ဒိယစတိုင်လ် မဆလာကြက်သားပါစတာကို ရရှိသွားပါပြီ

Source: www.toasted