အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ခုံမင်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားထမင်းလိပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ များသောအားဖြင့် မြင်နေကျထမင်းလိပ်တွေမှာ ရေညှိကို အပြင်မှာထားပြီး လိပ်တာများပါတယ်။
ဒီတစ်ခါမှာတော့ ထမင်းကို အပြင်မှာထားပြီး လိပ်တဲ့ ထမင်းလိပ်လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ထမင်း ပန်းကန်လုံး ၄ လုံးစာ
- ကြက်ဥ ၄ လုံး
- ဟင်းရွက်ဆီ လက်ဖက်စားဇွန်း ၄ ဇွန်း
- သခွားသီး ၁ လုံး
- ဂဏန်းချောင်း ၄ ချောင်း
- ကြက်သွန်မြိတ် ၄ ချောင်း (မထည့်လည်း ရပါတယ်)
- ရေညှိပြား ၄ ပြား
- ဆား လက်ဖက်စားဇွန်း ၁ ဇွန်း ခွဲ
- နှမ်းဆီ
- နှမ်းစေ့အမဲ လက်ဖက်စားဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
ထမင်းကို ဇလုံအကြီးတစ်ခုထဲထည့်ကာ ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ခွဲခန့်၊ နှမ်းဆီ လက်ဖက်စားဇွန်း တစ်ဇွန်းခန့် ထည့်ကာ နယ်ပေးလိုက်ပါ။
သခွားသီးတစ်လုံးကို လေးခြမ်း ခြမ်းကာ အချောင်းသေးသေးလေး ၈ ချောင်းပြုလုပ်လိုက်ပါ။ သခွားသီးအလယ်အူတိုင်က အစေ့များကို ဖယ်ထုတ်လိုက်ပါ။ သခွားသီးချောင်းများပေါ်သို့ ဆား လက်ဖက်စားဇွန်း တစ်ဝက်ခန့် ဖြူးပြီး ၁၀ မိနစ်ခန့်ထားလိုက်ပါ။ ထို့နောက် အိုးကို အပူပေးကာ ဟင်းရွက်ဆီထည့်ပြီး သခွားချောင်းများထည့်လိုက်ပါ။ စက္ကန့် ၃၀ ခန့် ကြော်ပြီးနောက် လင်ဗန်းတစ်ခုပေါ် တင်ထားပါ။
ကြက်ဥ ၄ လုံးကို ခလောက်လိုက်ပြီး ကြော်ပြီးတဲ့အခါ လက်မဝက်စီအကွာအဝေးညီအောင် ဓားနဲ့ လှီးဖြတ်လိုက်ပါ။ ခုနက လင်ဗန်းပေါ် သခွားသီးနဲ့ စုတင်ထားပါ။
ဂဏန်းချောင်းလေးချောင်းကို ပလပ်စတစ်အိတ်ချွတ်ပြီး အဖြူဖက်အခြမ်းကို တစ်မိနစ်ခန့် အရင်ကြော်ပါ။ ပြီးမှ အနီခြမ်းကို လှန်လိုက်ပြီး ၃၀ စက္ကန့်ခန့် ကြော်ပါ။
ဒါဆိုရင်တော့ ထမင်းလိပ် ပြုလုပ်ဖို့အဆင်သင့်ဖြစ်သွားပါပြီ။
ထမင်းလိပ်ပြုလုပ်ဖို့အတွက် စဉ်းနီတုံးကို သန့်စင်အောင် ပြုလုပ်ပါ။ ရေညှိတစ်ပြားကို စဉ်းနီတုံးပေါ်တင်လိုက်ပါ။ ထမင်းစေ့များ လက်မှာ မကပ်ဖို့အတွက် လက်ဖဝါးနှစ်ဖက်ကို နှမ်းဆီသုတ်လိမ်းလိုက်ပါ။ စဉ်းနီတုံးကိုလည်း နှမ်းဆီအနည်းငယ်သုတ်လိုက်ပါ။ ထို့နောက် ထမင်းပန်းကန်လုံးတစ်လုံးစာကို ယူလိုက်ပါ။ ထမင်းဆုပ်လေးဖြစ်အောင် လက်နဲ့ လုံးလိုက်ပါ။ ထို့နောက် ထမင်းဆုပ်ကို ရေညှိရဲ့ အလယ်ဗဟိုပေါ် တင်ပြီး ဘေးဘက်ကို ဖြည်းဖြည်းချင်းစီ ဖြန့်သွားပါ။
ရေညှိပြားရဲ့ လေးပုံ တစ်ပုံခန့်ကိုတော့ နေရာလွှတ်ချန်ထားပါ။ ထို့နောက် ရေညှိပြားကို လှန်လိုက်ပြီး လှီးဖြတ်ထားတဲ့ ကြက်ဥချောင်း၊ သခွားသီး ၂ ချောင်း၊ ဂဏန်းချောင်း ၁ ချောင်းတို့ကို ရေညှိပြားပေါ်တင်လိုက်ပြီး ကျစ်ကျစ်လေး လိပ်လေးလိုက်ပါ။
လိပ်ပြီးသွားတဲ့အခါ ဓားထက်ထက်လေးနဲ့ အကွာအဝေးညီညီလှီးဖြတ်ပေးလိုက်ပါ။ ထမင်းပန်းကန်လုံး ၃ လုံးစာ၊ ရေညှိ ၃ ပြားနဲ့ အခြားအစာတွေ ကျန်သေးတဲ့အတွက် နောက်ထပ် ထမင်းလိပ် ၃ ချောင်းကို အခုလိုပဲ ထပ်လိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ မြင်နေကျပုံစံနဲ့ မတူတဲ့ ထမင်းလိပ်လေးကို သုံးဆောင်နိုင်ပါပြီ။
Source: www.maangchi.com