အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ အရောင် (၂) ရောင်စပ် ထောပတ် ချောကလက်ကိတ်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲရောင်ချောကလက် အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ချောကလက် အဖြူ ၆ အောင်စ
  • ထောပတ် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဂျုံမှုန့် ၅ အောင်စ
  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်ဥ ၂ လုံး
  • သကြား စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ခရင်မ် စားပွဲတင်ဇွန်း ၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အမဲရောင် ချောကလက်နှင့် ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်းတို့ကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ပါ။ ထို့နောက် Oven ထဲတွင် စက္ကန့် ၃၀ ခန့် ထည့်ထားကာ အရည်ဖျော်ပေးလိုက်ပါ။

၃။ အခြား ပန်းကန်လုံးအကြီးတစ်လုံးတွင် ဂျုံမှုန့်၊ ကိုကိုးမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၄။ အခြားပန်းကန်လုံးတစ်လုံးတွင်လည်း ကြက်ဥ ၂ လုံး၊ သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ကို ၂ မိနစ်ခန့် သမအောင် မွှေခလောက်ပေးလိုက်ပါ။

၅။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ချောကလက်ရည်များကို ကြက်ဥ ပန်းကန်ထဲထည့်ပါ။ ခရင်မ် စားပွဲတင်ဇွန်း ၆ ဇွန်းထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် အဆင့် (၃) က ပြုလုပ်ထားသော ဂျုံမှုန့်အရောအနှောများကို ထပ်မံပေါင်းထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ချောကလက် ထောပတ်အနှစ်များကို လင်ဗန်းထဲထည့်ပြီးနောက် Oven ထဲတွင် ၁၇ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး အအေးခံထားပါ။

၇။ အပေါ်ယံ ထောပတ်အလွှာများရရှိအောင် ဆက်လက်ပြုလုပ်ပေးရပါမယ်။ ချောကလက်အဖြူရောင်နှင့် ကျန်ရှိနေတဲ့ထောပတ်များကို အရည်ပျော်သွားအောင် အပူပေးပါ။ ထို့နောက် သမအောင် ရောမွှေပြီးနောက် အအေးခံလိုက်ပါ။

၈။ ရရှိလာတဲ့ ထောပတ်အနှစ်များကို စောစောက ချောကလက်ကိတ်မုန့်ပေါ် လောင်းထည့်ပြီးနောက် မျက်နှာပြင်ကို ညီညာအောင် ညှိပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် အအေးခံထားလိုက်ပါ။

နောက်ဆုံးမှာတော့ အရောင် (၂) ရောင် ပါဝင်တဲ့ ထောပတ် ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

Source : Fifteenspatulas.com