အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းချက်ရတာဝါသနာပါတဲ့သူတွေအတွက် အီတာလျံအစားအစာတစ်မျိုးဖြစ်တဲ့ အမဲသား ချိစ်ပါစတာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

အချိန်တော့ အနည်းငယ်ပေးရမယ့်အပြင် အသေးစိတ်ပြုလုပ်ရမှာကြောင့် စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

Photo Source: jovialfoods.com

  • Lasagna လို့အမည်ခေါ်တွင်သော အီတလီခေါက်ဆွဲပြားကြီး ၁၂ ပြား
  • အမဲသား ၁ ပေါင်ခန့် (နုတ်နုတ်စင်းထားပါ)
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • အချောင်းလိုက်လှီးဖြတ်ထားသော ချိစ် ပန်းကန်လုံး ၂ လုံး

Photo Source: jarrahotel.com

  • ခရမ်းချဉ်သီး ၃ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အီတာလျံ ဟင်းခတ်အမွှေးအကြိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့ကို ဘယ်လို လူတွေ အဓိက သောက်သုံးသင့်သလဲ

  • နွားနို့ ပန်းကန်လုံး ၂ လုံးခွဲ
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူများကို ပါးပါးလှီးထားပါ။

ခရမ်းချဉ်သီးကို အခွံခွာရပါမယ်။ အလွယ်တကူအခွံခွာနိုင်ဖို့အတွက် ခရမ်းချဉ်သီးအပေါ်မှာ အင်္ဂလိပ်အက္ခရာ X ပုံသဏ္ဍာန် ဓားရာလေးပေးထားပါ။ ထို့နောက် ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမျာ စက္ကန့် ၃၀ ခန့် ရေနွေးဖျောထားရပါမယ်။ အချိန်ပြည့်ပြီဆိုရင် ခရမ်းချဉ်သီးအခွံခွာလိုက်ပြီး ခြစ်ခုံလေးနဲ့ ခြစ်ချပေးလိုက်ပါ။ ခရမ်းချဉ်သီးအဖတ်လေးတွေ ရလာပါလိမ့်မယ်။

ဒယ်အိုးအကြီးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးထားပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဆီကျက်လာပါက ကြက်သွန်နီကို ၃ မိနစ်ခန့် ဆီသတ်ပါ။ အမဲသားထည့်ပြီး ၁၀ မိနစ်ခန့် ချက်ပေးလိုက်ပါ။

ထို့နောက် ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ အီတာလျံဟင်းခတ်အမွှေးအကြိုင်များထည့်လိုက်ပါ။ ခရမ်းချဉ်သီးအဖတ်များ ထပ်ထည့်ပြီး ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။ အချိန်ပြည့်ပြီဆိုရင် ကြက်သွန်ဖြူထည့်ပြီး မီးပိတ်လိုက်ပါ။

ထိုအချိန်မှာ အိုးအကြီးတစ်လုံးထဲမှာ ဆားထည့်ပြီး ဆူပွက်လာရင် ခေါက်ဆွဲပြားကြီးထည့်ကာ ခေါက်ဆွဲနူးလာတဲ့အထိ ၅ မိနစ်ခန့် ဆူပွက်လာအောင်တည်ပါ။ ထို့နောက် ရေအေးလေးနဲ့ ဆေးချလိုက်ပြီး ခြောက်သွားအောင်လို့ သန့်စင်တဲ့အဝတ်စလေးနဲ့ သုတ်လိုက်ပါ။

ထို့နောက် အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးထားပြီး ထောပတ်ထည့်ကာ အရည်ကျိုလိုက်ပါ။ ဂျုံမှုန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ထို့နောက် နွားနို့ကို နည်းနည်းချင်းစီ ထည့်လိုက် မွှေလိုက်ပြုလုပ်ပေးပါ။ ထို့နောက် ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်ပါ။ ရရှိလာတဲ့ နွားနို့အရောအနှောရဲ့ ၃ ပုံ ၂ ပုံကို အမဲသားထဲ လောင်းထည့်ပေးပြီး ကျန်တဲ့နွားနို့တွေကိုတော့ အိုးထဲမှာပဲထည့်ထားပါ။

Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းကို ခဲဖတ်နဲ့ ခံထားပါ။ အမဲသားကို လင်ဗန်းထဲဖြန့်ထည့်လိုက်ပါ (အလွှာလိုက်နည်းနည်းချင်းစီ ထည့်ရမှာမို့လို့ အကုန်လောင်းမထည့်ပါနဲ့)။ ခေါက်ဆွဲပြား ၂ ပြား ထည့်ပါ။

ခေါက်ဆွဲပြားပေါ်မှာ အမဲသားထပ်ထည့်ပါ။ ချိစ်ထည့်ပါ။ ချိစ်ရဲ့အပေါ်မှာ ခေါက်ဆွဲပြားထည့်ပါ။ အဲ့ဒီလိုမျိုး  ခေါက်ဆွဲထည့်လိုက်၊ အမဲသားထည့်လိုက်၊ ချိစ်ထည့်လိုက် တစ်လွှာချင်းစီ အလှည့်ကျထည့်ပါ။ အကုန်လုံးပြီးစီးတဲ့အခါမှာတော့ ခေါက်ဆွဲက အပေါ်ဆုံးမှာ ရှိနေရပါမယ်။

ထို့နောက် အိုးထဲက နွားနို့များကို လင်ဗန်းပေါ်သို့ လောင်းချလိုက်ပါ။ ချိစ်ထည့်ပါ။ ထို့နောက် လင်ဗန်းတစ်ခုလုံးကို ခဲဖတ်နဲ့ ဖုံးအုပ်ထားပြီး Oven ထဲမှာ ၄၅ မိနစ်ခန့် ထည့်ထားပါ။ အချိန်ပြည့်ပါက ခဲဖတ်ခွာပြီး မိနစ်အနည်းငယ်လောက် ထပ်ထည့်ထားပါ။

ပြီးရင် Oven ထဲက ထုတ်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အအေးခံပြီးမှ မိမိစိတ်ကြိုက်လှီးဖြတ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com