ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေး အထူးသဖြင့် ကြွက်သားများ သန်မာတောင့်တင်းဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။

MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သန်မာတဲ့ကြွက်သားများ ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သား ကြက်ဥဟင်းချက်နည်းကို ဝေမျှပေးသွားမှာပါ။ ပုံမှန်စားနေကျ ပြုတ်ထားတဲ့ကြက်ဥကို ရောချက်ထားတဲ့ဟင်း မဟုတ်ဘဲ အရသာအသစ်အဆန်းဖြစ်သွားအောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပေါင် ၂၅၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ။ အရေခွံနှင့် အရိုးတို့ကို ဖယ်ရှားထားပါ။)

  • ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ကြက်ပြုတ်ရည်၊ ပဲငံပြာရည်၊ ဆားအနည်းငယ်နှင့် သကြားတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ကြက်သားတုံးများထည့်ပြီး ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ပါးပါးလှီးထားသော ကြက်သွန်နီထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ထားရပါမယ်။

၃။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥကို ကြက်သားအပေါ်သို့ လောင်းထည့်ကာ အဖုံးအုပ်ထားပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ပွက်ပွက်ဆူနေတဲ့ ကြက်သားကြက်ဥဟင်းလေး ရရှိသွားပါပြီ။ မီးဖိုပေါ်က ချခါနီးမှာ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်သား ကြက်ဥဟင်းလေး ရရှိသွားပါပြီ။ ထမင်းထည့်ထားသော ပန်းကန်လုံးပေါ် ဆမ်းထည့်ပြီး အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com