အားလုံးပဲ မင်္ဂလာပါ။ ဆင်းဝှစ်ချ်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်မယ့် ကြက်ဥ ဆင်းဝှစ်ချ် မနက်စာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ဒီကြက်ဥဆင်းဝှစ်ချ် ပြုလုပ်ရာမှာ ကြက်ဥကြော်နည်းက အဓိကကျတာကြောင့် ကြက်ဥကြော်နည်းကို ပုံနှင့်တကွ စုံစုံလင်လင်ဖော်ပြထားလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပေါင်မုန့် ၂ ချပ်
  • မိရောနိစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၃ လုံးကို ဖောက်ထည့်ပြီးနောက် ဆား၊ သကြားတို့ဖြင့် သမအောင် မွှေခလောက်ထားလိုက်ပါ။

၂။ ပေါင်မုန့်တစ်ချပ်စီကို မိရောနိစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီဖြင့် သုတ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်ဥ ထည့်ကြော်ရပါမယ်။

ကြက်ဥကြော်တဲ့အခါမှာ မီးအေးအေးဖြင့် ကြော်ပေးလိုက်ပါ။ တူ အသုံးပြုပြီး ကြက်ဥကို အဆက်မပြတ်မွှေပေးလိုက်ပါ။ ကြက်ဥ ကျက်သွားတဲ့အခါမှာ ဒယ်အိုးကို စောင်းပြီး ကြက်ဥကို ဝိုင်းဝိုင်းလေးနဲ့ ထူထူလေးဖြစ်သွားအောင် ပုံဖော်ပေးရပါမယ်။

ကြက်ဥကြော်နည်းကို အောက်ဖော်ပြပါ ပုံများထဲတွင် လေ့လာနိုင်ပါတယ်။

၄။ ရရှိလာတဲ့ ကြက်ဥကြော် ထူထူဝိုင်းဝိုင်းကို ပေါင်မုန့်နှစ်ချပ်ကြားထဲတွင် ညှပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်ဥဆင်းဝှစ်ချ်လေး ရရှိသွားပါပြီ။ ပေါင်မုန့် အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Seonkyounglongest.com