မနေ့ညက ချက်ထားတဲ့ ထမင်းက ပိုလျှံသွားတဲ့အခါ မသိုးသေးဘဲ အကောင်းပကတိအတိုင်း ရှိနေတယ်ဆိုရင် မလွှင့်ပစ်ဘဲ မနက်ရောက်တဲ့အခါ မနက်စာ ထမင်းကြော်အဖြစ် ကြော်စားလို့ရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

အမေရိကန် ထမင်းကြော်၊ တရုတ်ထမင်းကြော်၊ ပရှုးထမင်းကြော် စသည်ဖြင့် ထမင်းကြော် ကြော်နည်း အမျိုးမျိုးရှိတဲ့အထဲကမှ ဒီတစ်ခါမှာတော့ ဂျပန်စတိုင်လ် ထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးဖြတ်ထားပါ)
  • ထမင်း ၁ ယောက်စာ
  • ဆလပ်ရွက် (အနေတော် လှီးဖြတ်ထားပါ)

  • မုန်လာဥနီ အသေးတစ်လုံး (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇါန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပြင်ဆုံး မီးအပူချိန်ဖြင့် အပူပေးထားပြီး ဆီနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ထားလိုက်ပါ။

၂။ ကြက်သွန်နီနှင့် မုန်လာဥနီတို့ ထပ်ထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ထမင်းနှင့် ဆလပ်ရွက်တို့ ထပ်ထည့်ကာ ထမင်းနဲ့ ဟင်းသီးဟင်းရွက်အောင် ညီညီညာညာရောနှောသွားဖို့ရန်အတွက် သမအောင် ရောကြော်လိုက်ပါ။

၄။ ထမင်းတွေကို ဒယ်အိုးတစ်ဖက်သို့ ပို့လိုက်ပြီး နေရာလွတ်ဖန်တီးလိုက်ပါ။ ထိုနေရာလွတ်ထဲသို့ ကြက်ဥ လောင်းထည့်လိုက်ပါ။

၅။ ကြက်ဥ မကျက်တကျက်အချိန်ကျမှ ထမင်းနဲ့ ရောမွှေပေးလိုက်ပါ။

၆။ ပဲငံပြာရည်ထည့်ကာ ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထို့နောက် မီးပိတ်လိုက်ကာ ထမင်းကြော်ကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : pickledplum.com