အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်ပေမယ့် ကယ်လိုရီတက်မှာစိုးပြီး ကျန်းမာရေးနဲ့ မညီညွှတ်မှာ စိုးရိမ်လို့ ကြက်သားကြော် ရှောင်နေရတဲ့ အစားအသောက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အရသာလည်းရှိတဲ့ ဂျပန်စတိုင်လ် ကြက်သားကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါ အရေခွံမပါသော ကြက်ပေါင်သား ၅၀ ကျပ်သား
  • မြေပဲဆီ အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျပန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ဂျပန်အရက်၊ နှမ်းဆီ၊ သကြား၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်သားပန်းကန်ထဲထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ကြက်သားပန်းကန်ကို လေလုံအောင် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးတွင် ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေပါ။

၃။ ကြက်သား နှပ်ထားတဲ့အချိန်ပြည့်ပါက ကြက်သားတုံး ၁ တုံးချင်းစီကို ထိုပြောင်းမှုန့်အရောအနှောဖြင့် ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ ကြက်သားတုံးများ အညိုဖျော့ရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ဆယ်ထည့်ပါ။ ထိုနည်းအတိုင်း ကြက်သားတုံးများ အားလုံး ကြော်ပေးရပါမယ်။

၅။ ကြော်ပြီးသား ကြက်သားတုံးများကို ဒုတိယအကျော့ ထပ်ကြော်ပေးရပါမယ်။ ဒီတစ်ခါမှာတော့ ဆီပူထဲတွင် ၁ မိနစ်ခန့် ထည့်ကြော်ပါ။ ကြက်သားတုံးများ အညိုရင့်ရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ဆယ်ထည့်လိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားပါက အရသာရှိတဲ့ ဂျပန်စတိုင်လ် ကြက်သားကြော် ကြွပ်ကြွပ်လေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Kirbiecravings.com