ခန္ဓာကိုယ်တလျှောက်လုံးရှိ စွမ်းအား၊ စိတ်တည်ငြိမ်မှုတို့ကို အရိုးတွေကဖြည့်ဆည်းပေး၍ အတွင်းရှိအင်္ဂါအစိတ်အပိုင်းများကိုကာကွယ်ပေးကာ ကြွက်သားများကိုလည်း ထောက်ပံ့ပေးပါတယ်။ ကိုယ်နေဟန်ထားမှန်ဖို့နှင့် ငယ်ရွယ်နုပျိုသည့်အသွင်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အရိုးများကျန်းမာကြံ့ခိုင်ဖို့လည်း အလွန်အရေးကြီးပါတယ်။

အရိုးများသာမက သင့်ခန္ဓာကိုယ်သည်လည်း ကျန်းမာသွက်လက်နေစေဖို့ ပြည့်စုံလုံလောက်သောစွမ်းရည်လိုအပ်ပါတယ်။ စွမ်းရည်သင့်တင့်မျှတစွာမရှိပါက အင်မတန်လွယ်ကူသောတာဝန်ဝတ္တရားများကို လုပ်ဆောင်ဖို့ပင် ခက်ခဲလာနိုင်ပါတယ်။

ဒါကြောင့် စားသုံးမှုပုံစံကနေစပြီး အထူးဂရုတစိုက်ရှိရမှာဖြစ်တာကြောင့် MyFood Myanmar ကနေပြီး အရိုးတွေကိုသန်မာစေပြီး ခန္ဓာကိုယ်ကိုခွန်အားမြှင့်တင်ပေးနိုင်တဲ့ သဘာဝဖျော်ရည်ကို ယခုတစ်ဖန် တင်ဆက်ပေးချင်ပါတယ်။ တနေကုန်အလုပ်တာဝန်များကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ စွမ်းရည်အတွက် ဒီဖျော်ရည်လေးတစ်ခွက်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဒေါက်ခွရွက် – ခွက်အသေးတစ်ခွက်

လိမ္မော်ရည် – ဖန်ခွက်တစ်ဝက်ခန့်

သခွားသီး – တစ်လုံး (လှီးပြီးသား)

ပန်းသီးအစိမ်း – ၂ လုံး (အတုံးလေးများလှီးပြီးသား)

ဂျင်း – ၁ စိတ် (အခွံခွာပြီး)

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပန်းသီးအစိမ်းများကို အတုံးလေးများလှီးပြီး သစ်သီးဖျော်စက်ထဲထည့်ပေးပါ။

၂။ ဒေါက်ခွရွက်မှ ရိုးတံများကိုဖယ်ပြီး သစ်သီးဖျော်စက်ထဲ ထည့်ပေးပါ။

၃။ နောက်ထပ် သခွားသီအတုံးကြီးများကိုလည်း ဖျော်စက်ထဲထည့်သွင်းပါ။

၄။ ဂျင်းကိုအခွံခွာ၊ လှီးပြီး အရှေ့ကပစ္စည်းများနည်းတူ ထည့်ပေးပါ။

၅။ ရရှိလာသည့်ဖျော်ရည်ကို ကရားထဲသို့ပြောင်းထည့်ကာ လိမ္မော်ရည်ထပ်ပေါင်းထည့်ပါ။

၆။ သေချာသမအောင်မွှေပေးပါ။ လိုအပ်ပါက ဖျော်ရည်အပျစ်အကျဲအတွက် ရေအနည်းငယ်ထည့်ပေးပါ။

၇။ ဖျော်ရည်ကိုခွက်ထဲထည့်ပြီး ဆန္ဒရှိလျှင် ရေခဲတုံးများကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။

ဤကဲ့သို့ ကျန်းမာရေးနှင့်အလွန်ညီညွတ်ပြီး လတ်ဆတ်အေးမြသည့် ဖျော်ရည်ကို မနက်တိုင်းသောက်သုံးပေးပါ။