Friend အားလုံးမင်္ဂလာပါ။ ဘယ်နိုင်ငံက အစားအစာတွေ ဘယ်လောက်ကောင်းပါတယ် ပြောပြောကျွန်တော်ကတော့ အမိနိုင်ငံရဲ့ ရိုးရာအစားအစာနဲ့ မလဲနိုင်ပါဘူး။ ဒီလိုပြောတော့ ကြီးကျယ်တယ် မထင်နဲ့နော်။ အခုဟာက”ကယားဝက်အူချောင်း” လေးပါ။ Friend တွေလည်းတိုင်းရင်းသား အစားအစာတွေကို နှစ်သက်မယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား – ၁ ပိဿာ (အဆီ ၊ အခေါက် တွဲလျှက် နုတ်နုတ်စင်းပါ)
  • ဝက်အူ – ၅၀ ကျပ်သား (ဝက်အူကို ဗီနီကာနဲ့ မိနစ်အနည်းငယ်လောက် စိမ်ထားပါ)
  • ကြက်သွန်ဖြူ – ၁၀ ကျပ်သား (ညက်ညက်လေး ထောင်းပါ)
  • ဂျင်း – ၁၀ကျပ်သား (ညက်ညက်လေး ထောင်းပါ)
  • ဟွာကြောင်စေ့ – ၃ ဇွန်း (ထမင်စားဇွန်း) (ကြိုက်မှ ထည့်ပါ မကြိုက်ရင် မထည့်ပါနဲ့ ၊ သူရဲ့ အရသာကပူလို့ ၊ အနံ့ ကမွှေးပါတယ်)
  • သကြား – ၁ ဇွန်း (ထမင်းစားဇွန်း)
  • အချိုမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း) (အချိုမှုန့် ကြိုက်လျှင် သုံးပါ ၊ မကြိုက်လျှင် မထည့်ပါနှင့် ၊ သကြားပိုထည့်ပါ)
  • ခနောကြက်သားမှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်ကောင်း – အနည်းငယ်
  • ဆား – အနည်းငယ်
  • ငရုပ်သီး – ၁၀ ကျပ်သား (နုတ်နုတ်စင်းပါ) (အစပ်ကြိုက်မှ ထည့်ပါ)
  • ဆီ – ၁၀ ကျပ်သား

ပြုလုပ်နည်း

ဝက်သားကို နုတ်နုတ်စင်းပါ။ သွပ်မည့် ဝက်အူကို ရေပြောင်အောင် ဆေးပြီး ဗီနီကာနဲ့ မိနစ်အနည်းငယ်လောက် စိမ်ပြီးရေစစ်ထားပါ။ နုတ်နုတ်စင်းထားသော ဝက်သားအထဲကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာကို ထည့်ပါ။ အရသာမှုန့်တွေပါ ထည့်ပြီးနယ်ပါ။

အချို ကြိုက်လျှင် သကြား ထည့်ပါ ။ မကြိုက်လျှင် မထည့်ပါနှင့်။ အစပ်ကြိုက်ရင်လည်း ငရုတ်သီး ပါထည့်ပါ။ အစာပလာတွေ အကုန်ထည့်ပြီးလျှင် နယ်ပါ။ သွပ်မယ့် ဝက်အူ ထိပ်ကို (ကတော့) တပ်ပြီး ဝက်သား စင်းထားတာတွေကို ထိုးထည့်ပါ။ အားလုံးပြီးပြီဆိုရင် နှီး နဲ့ထုံးပြီး ပုံထဲကအတိုင်း ခွေပါ။

ခွေထားတဲ့ပုံ မပျက်အောင် ဒုတ်နဲ့ကန့်လန်တွေ ထိုးထားပါ။ ထိုးပြီးသွားလျှင် မီးသွေးဖိုပေါ်မှာကင်ပါ။ ကင်နေချိန်တွင် ဆီလေး သုတ်ပေးပါ။ ဂျင်း အနံ့လေး၊ ဟွာကြောင်စေ့ အနံလေး သင်းကြိုင်လာပါလိမ့်မယ်။

ဝက်အူတွေ အရောင်ပြောင်းပြီး ပုံထဲကအတိုင်း ဖြစ်လာပြီဆိုရင် ရပါပြီ။ အဲ့ဒါကို ကြော်စားစား၊ ချက်စားစား၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမြည်း အရမ်းကောင်းပါတယ်။

အခွေကို ဆွဲဆန့်ရင် ၆ ပေနီးပါး ရှည်ပါတယ်။ ဈေးထဲမှာ ရောင်းချနေတဲ့ နီရဲရဲ ဝက်အူချောင်းတွေလို အီစိမ့်စိမ့် လည်းမရှိပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

မှတ်ချက် ။ ။ ဝက်အူချောင်း လုပ်နည်း အမျိုးမျိုးရှိပေမယ့် ဒီနည်းလေးကတော့ လူအရမ်းအကြိုက်များပါတယ်။ စင်ကာပူက ဧည့်သည်တွေ ကြိုက်လွန်းလို့အထူးသီးသန့် လုပ်ကျွေးဘူးပါတယ်။

ခင်မင်ခြင်းများစွာဖြင့်

Credit: Tay Za Htet Paing